ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ဆက်တိုက်ပြင်းထန်နေတဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီ က ရည်ရွယ်ချက်ရှိရှိ လမ်းပိတ်ဆို့ထားတာတွေကြောင့် အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ဆီ စတာတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ပြတ်တောက်နေပါတယ်။
ဒီလို အခြေခံ စားသောက်ကုန်တွေပြတ်လပ်နေတဲ့ စစ်ရှောင်ပြည်သူတွေကို ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က ဒီကနေ့ ဇူလိုင်လ ၇ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ၊ စစ်ကောင်စီက ပိတ်ဆို့ထားတာတွေကြောင့် ဆန်တစ်အိတ်ကို ငွေကျပ် ၈၀၀၀၀ အထက်ပေးဝယ်နေပြီး လိုသလောက်လည်း ဝယ်ယူလို့မရဘူးလို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်က ပြောပါတယ်။
လက်ရှိမှာတော့ ဆန်ကလိုသလောက်မရဘဲ စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး အခုရတဲ့ ဆန်အိတ်တွေကိုတော့ မျှတအောင်သာ ခွဲဝေပေးခဲ့တယ်လို့ဆိုပါတယ်။
နယ်မြေအခြေအနေကြောင့် ဆန်အိတ်ဈေးတွေက ဆက်တိုက် တက်နေတဲ့အပြင် စစ်ရှောင်ကူညီသူတွေလည်း လျော့ပါးလာတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က မေတ္တာရပ်ခံထားပါတယ်။