ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်းရေးသားခဲ့လို့ စစ်ကောင်စီက အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ အနုပညာရှင် ၄ ယောက်ကို ဇူလိုင်လ ၇ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
The Voice ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဝါရင့်သတင်းစာဆရာ ဦးကျော်မင်းဆွေ လွတ်မြောက်လာတာမှာဟုတ်မှန်ပြီး အိမ်ကိုပြန်ရောက်နေပြီလို့ ဦးကျော်မင်းဆွေနဲ့ နီးစပ်သူတယောက်က အတည်ပြုပါတယ်။
ဦးကျော်မင်းဆွေဟာ သူ့ကိုစွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က အမှုအတွက် ထောင်တွင်းကနေ အမှုရင်ဆိုင်နေဆဲအချိန်မှာပဲ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သရုပ်ဆောင်မေပန်းချီ ပြန်လည်လွတ်မြောက်လာကြောင်းကိုလည်း သူမရဲ့ အစ်ကိုဖြစ်သူ ဇင်မင်းက သူရဲ့ သူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
သရုပ်ဆောင်မေပန်းချီကတော့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဇွန်လ ၇ ရက်နေ့မှာ စစ်ခုံရုံးကနေ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံရပြီးမှ ပြန်လည်လွတ်မြောက်လာတာပါ။
ဝါရင့်သတင်းစာဆရာဦးကျော်မင်းဆွေနဲ့ အနုပညာရှင်တွေဖြစ်တဲ့ မေပန်းချီ၊ မေလသံစဉ်၊ မြတ်သူသူ၊ ရွှေရည်သိန်းတန်တို့ဟာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာရေးသားခဲ့တဲ့အတွက် အများပြည်သူကို ဆူပူအောင် လှုံ့ဆော်တယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။