KIO/KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးမှာ ဒီနေ့နေ့လယ်ပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လိုင်ဇာမြို့အနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာ ယခင်တွေကလည်း ဖြစ်ခဲ့ပေမယ့် အခုတစ်ကြိမ် ကျရောက်ပေါက်ကွဲတာဟာ လိုင်ဇာမြို့ လူနေရပ်ကွက်တွေနဲ့ ပိုမိုနီးစပ်တယ်လို့ သိရပါတယ်။
လိုင်ဇာမြို့ရှိ ဈေးသည်တစ်ဦးက ” ဒီတစ်ခေါက်ပစ်တာကတော့ အရမ်းနီးတယ်။ စိတ်ထင်လို့လားမသိဘူး အဆောက်အဦးတုန်တဲ့အပြင် မြေကြီးဖွာသံလေးတွေတောင် ကြားလိုက်ရသလိုပဲ။ ကိုယ်ကအရမ်းကြောက်နေလို့လား မသိလေနော်။ လက်နက်ကြီးလောက်ကတော့ဘာမှမဖြစ်ပါဘူး။ လေယာဉ်နဲ့လာမှာသာ ပူနေရတာ။ ခုနကတော့ လက်နက်ကြီးကျပြီး ခဏလေးလူကျဲသွားသေးတယ် လမ်းပေါ်မှာလဲလေ။ ဒါမဲ့ ခဏပါပဲ။ အခုတစ်ခေါက် လက်နက်ကြီးကျတာက တောင်ပေါ်ဘက်လို့ကြားတယ်” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကေအိုင်အေ သတင်းအရင်းအမြစ်နဲ့ နီးစပ်သူတစ်ဦးကလည်း တောင်ပေါ် လက်နက်ကြီးကျတာ အမှန်ဖြစ်ကြောင်း အတည်ပြုပြောဆိုထားပါတယ်။
ညနေပိုင်းမှာတော့ ကေအိုင်အေဘက်မှ စစ်ကောင်စီဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လိုင်ဇာမြို့ အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေတာ ရက်သတ္တပတ် ၃ ပတ်ခန့်ရှိပြီလို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက လိုင်ဇာသို့ လူအင်အားအများအပြားနဲ့ စစ်ကြောင်းများထိုးနေတာကြောင့် လိုင်ဇာမြို့နေပြည်သူများ စိုးရိမ်ပူပန်နေကြပါတယ်။
ယခုနှစ် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်၊ KIO ဌာနချုပ် လိုင်ဇာမြို့နဲ့ နီးစပ်တဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တို့ကြား ရက်ဆက်တိုက်ပွဲများ များလာပြီး စစ်ရေးပြင်းထန်လာပါတယ်။
တိုက်ပွဲဖြစ်ပွားလာမှုကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်း၊ နမ်ဆန်ယန်ကျေးရွာမှ နေရပ်ပြန်စစ်ရှောင်ပြည်သူများလည်း ဝိုင်းမော်မြို့သို့ ထပ်မံတိမ်းရှောင်နေကြရပါတယ်။