ရွှေကူမြို့ သင်္ဘောဆိပ်မှ ရေမော်တော်ယာဉ် ၂ စီးကို ချောဆွဲပြီး ယမန်နေ့ည ၁၀ နာရီကျော်တွင် ဗန်းမော်မြို့ဘက်သို့ ဆန်တက်သွားသည့် စစ်ကောင်စီတပ်သည် ဇင်းဘုံကျေးရွာအနီး ဧရာဝတီ ဒုတိယမြစ်ကျဉ်း၌ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ခြင်း ခံရကြောင်း သိရသည်။
စစ်ကောင်စီတပ်က ယမန်နေ့ည ၈ နာရီကျော်အချိန်ခန့်တွင် ရွှေကူမြို့ သင်္ဘောဆိပ်ကိုပိတ်ပြီး ရေမော်တော်ယာဉ် ၂ စီးကို ချောဆွဲကာ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ဗန်းမော်ဘက်သို့ ဆန်တက်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဒီမနက်တော့ စင်းခန်းမှာ သူတို့ လူနာတွေချနေတယ်လို့ ပြောတယ်။”ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ် နှင့် KIA သည် ဇူလိုင် ၃ ရက်နေ့မှစပြီး မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန်နှင့် ဒေါ့ဖုန်းယန် ဒေသများတွင် တိုက်ပွဲပြင်းထန်လာပြီး နမ်ဆန်ယန်ဘက် စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများကိုလည်း KIA က ကြားဖြတ်တိုက်ခိုက်သည့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။