ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက်၊ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF အနေနဲ့ ဒရန်းတပ်ဖွဲ့ ဖွဲ့စည်းနိုင်ပြီလို့ ဒီကနေ့ ဇူလိုင်လ ၉ ရက်မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ဒီလို စည်းနိုင်ဖို့ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရပြီး ၈ လထက်မနည်း တိုက်ခိုက်ရင်း သင်ယူ၊ သင်ယူရင်း တိုက်ခိုက် ဆိုသကဲ့သို့ JPRF အနေနဲ့ ဒရုန်းနဲ့ ဆက်နွယ်တဲ့ နည်းပညာတွေဖြစ်တဲ့ တပ်ဆင်၊ မောင်းနှင်တာ၊ ကင်းထောက် နည်းပညာ၊ စစ်ဆင်ရေး နည်းပညာ၊ မြေပြင်နဲ့ဝေဟင် ပူးတွဲချေမှုန်းရေး နည်းပညာတွေကို သင်ယူ တတ်မြောက်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ဒရုန်း တပ်ဖွဲ့ ထပ်မံ ဖွဲ့စည်းနိုင်တာကြောင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး အတွက် ပိုမိုကောင်းမွန် ထိရောက်တဲ့ တိုက်ခိုက်ရေး ဗျူဟာ တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီလို့ JPRF ကပြောပါတယ်။
ဒီလို ဖွဲ့စည်းနိုင်ဖို့ နည်းပညာ၊ ရှေ့တန်း အတွေ့အကြုံကောင်းနဲ့ ငွေရေးကြေးရေး စတဲ့ အကူအညီတွေကို အဘက်ဘက်က ကူညီပေးခဲ့တဲ့ T2S2 တပ်ဖွဲ့၊ KNDF-UAV နဲ့ တပ်ပေါင်းစုဖြစ်တဲ့ SSLRU တို့ကို ကျေးဇူး အထူးတင်ရှိပြီး အသစ်သစ်သော နည်းပညာတွေ ဆက်လက်သင်ယူ လေ့လာပြီး အကြမ်းဖက် စစ်ကောင်စီတပ်ကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းတောင် အခြေစိုက် တော်လှန်ရေးတပ်ပေါင်းစုဝင် ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ဟာ မြို့ပြစစ်ဆင်ရေး တွေ လုပ်ဆောင်ခဲ့သလို လက်ရှိ ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပါတယ်။