စစ်ကိုင်းတိုင်း၊ အရာတော်မြို့အနောက်ဘက်ရှိ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ Danger Force LPDF က ဇူလိုင်လ ၉ ရက်ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်စွဲထားတဲ့ အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နဲ့ မီတာ ၁၀၀ ခန့် အကွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကို ဇူလိုင်လ ၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
“မိုင်တဲလ်စက်တွေ အသုံးပြုမရအောင် ပျက်စီးသွားပါတယ်။ လူနေအိမ်တွေပေါ် ကျမှာစိုးလို့ တိုင်ကိုတော့ မချိုးခဲ့ပါဘူး။ စက်မှုလယ်ယာဂိတ်မှာလည်း စစ်** တွေရှိတော့ အသက်စွန့်လုပ်ရတာပါ။ စကစနဲ့ပတ်သက်တဲ့ စီးပွားရေးထောက်တိုင်တွေကို ဖျက်ဆီးပိတ်ဆို့တဲ့သဘောနဲ့ ဖောက်ခွဲခဲ့တာ” လို့ Danger Force LPDF ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒီလုပ်ဆောင်မှုကို Danger Force LPDFနဲ့ Special Revolution Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်သလို ဖောက်ခွဲမှုအပြီး စစ်ကောင်စီတပ်တွေဘက်က ၆၀ မမ ဗုံးသီး ၂ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက် မနက် ၄ နာရီခွဲလောက်ကလည်း အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် – စခတ ၁၀ (အရပ်ခေါ် အရှေ့တပ်)ကို Danger Force LPDFနဲ့ မုံရွာခရိုင်တပ်ရင်း ၆ တို့ပူးပေါင်းပြီး ၁၀၇ မမ၊ ၈၀ မမ၊ ၆၀ မမ နဲ့ သွားရောက် တိုက်ခိုက်ခဲ့ကြပါသေးတယ်။