ချင်းပြည်နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-မရာ၏ ထိန်းချုပ်နယ်မြေ လိုင်လင်းပီမြို့တွင် ဇူလိုင်လ (၈)ရက်နေ့ ညနေ (၂း၂၀)နာရီချိန်ခန့် CDF မရာ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF မရာက ထုတ်ပြန်ထားသည်။
၎င်းထုတ်ပြန်ချက်တွင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄)ဦး သေဆုံးပြီး၊ (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ၊ စစ်ကောင်စီ၏ မြို့တွင်း ပြည်သူများရှိရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မူကြောင့် မြိုပေါ်နေ ပြည်သူအမျိုးသမီး(၁)ဦး သေဆုံး၍ လူနေအိမ် (၂)လုံး မီးလောင်ပြာကျခဲ့သည်ဟု သိရှိရသည်။
လိုင်လင်းပီမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မူးရစ်ရမ်းကားပြီး သေနတ်များ ရမ်းသမ်းပစ်ဖောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု CDF မရာက ဆိုသည်။
ထို့အပြင် လိုင်းလင်ပီမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ပြီး မြို့တွင်းနေ ပြည်သူများ သတိရှိရှိသွားလာနေထိုင်ကြရန် CDF မရာက ထုတ်ပြန်ထားသည်။