အကြမ်းဖက် စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူနိုင်ရေး ကုလသမဂ္ဂနိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A. Wood နှင့် ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A. Wood သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် တွေ့ဆုံ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အကြမ်းဖက် စစ်ကောင်စီကို ဆက်လက်ဆောင်ရွက်သွားမည့် နောက်ထပ်အဆင့်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ဖြင့် ချမှတ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး၊ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရေး အစရှိသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
အမေရိကန် အထူးသံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် အဆိုပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ အကြမ်းဖက် စစ်ကောင်စီကို အရေးယူဆောင်ရွက်သွားနိုင်ရေးနှင့် အကြမ်းဖက် စစ်ကောင်စီကို ပိုမိုဖိအားပေးပြီး အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆက်လက်ဆောင်ရွက်သွားမည့် နောက်ထပ်အဆင့်များအား ဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။