ရှမ်း-ကရင်နီ(ကယား) နယ်စပ် ၊ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများ၌ စစ်ကောင်စီက နင်းမိုင်းအများအပြားထောင် ထားခဲ့၍ ပြည်သူများနေရပ်မပြန်သေးရန် ကရင်နီအ မျိုးသားများကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန် က ယနေ့ ထုတ်ပြန်သည်။
ယခုနှစ် မတ်လ ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့ တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွင် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေသည်ဟုသိရသည်။
“တောင်စလုံး၊ မြောက်စလုံးရွာခံတွေနဲ့ မိုးဗြဲဘက်ကပြည်သူတွေ နေရပ်မပြန်ကြပါနဲ့ဦးခင်ဗျာ။မိုင်းရှင်းလင်းရေးမပြီးသေးတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကိုစောင့်ပေးပါ”ဟု KNDF ဖယ်ခုံဇုန် တာဝန်ရှိသူက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း မိုင်း များကို အတက်နိုင်ဆုံးရှင်းလင်းနေပြီး အများစုမှာ ပေါက်ပြားများဖြင့် ရှာဖွေနေရသည်ဟုလည်းအသိပေးသည်။
“တကယ်တမ်း ကရင်နီမှာ စကစဖက်က ထောင်ထားတဲ့နင်းမိုင်းတွေ ပြည်နယ်၊ကျေးရွာတွေမှာအများအပြားရှိနေပါတယ်။ ဒါပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုဖက်မှာ မိုင်းရှာဖွေရှင်းလင်းဖို့အတွက် မိုင်းရှာစက် မရှိဘဲ ပေါက်ပြား တို့ ဆောက်ခုံး တွေ နဲ့ အဆင်ပြေသလို ရှာဖွေရှင်းလင်းနေရတာပါ”ဟု KNDF ရဲဘော်တစ်ဦးက ပြောသည်။
မိုင်းအသိပညာပေးသူများက ပြည်သူများအနေဖြင့် မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းများ၊စစ်လက်နက်အစိတ်အပိုင်းများတွေပါက မထိတို့ဘဲ အမှတ်အသားပြုလုပ်၍ စစ်လက်နက်ကျွမ်းကျင်သူများကို ပြသဖယ်ရှားခိုင်းရန် အကြံပြုထားသည်။
ဖယ်ခုံမြို့နယ်သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ ဗျူဟာ ၁ အောက်တွင် ရှိပြီး စစ်ကောင်စီ၏ အင်အား ၁,၀၀၀ ကျော်ပါ မြေပြင်ထိုးစစ် အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို သုံးလ ကျော်ကြာ ယခုအထိ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင် နိုင်ရေး အတွက် “ကရင်နီအိပ်မက်-မောင်းပြန်အလက် ၁၀၀ “ပရောဂျက် ကို ယခုရက်ပိုင်းတွင် စတင်ထားပြီး ပြည်သူ များပါဝင်အားဖြည့်ပေးရန် KNDF က မေတ္တာရပ်ခံလျှက်ရှိသည်။