ကရင်နီပြည်နယ်၊ တိုက်ပွဲတွေမှာ စစ်ကောင်စီထံက သိမ်းဆည်းရမိတဲ့ ၁၂၀ မမ လက်နက်ကြီး ၇ လက်နဲ့ တန်ပြန် စစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ကရင်နီ တော်လှန်ရေး အင်အားစု တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၀ ရက်မှာ ပြောပါတယ်။
မယ်စဲ့မြို့နယ် တိုက်ပွဲတွေ အတွင်း စစ်ကောင်စီထံက ၁၂၀ မမ လက်နက်ကြီး ၇ လက် အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိပြီးနောက် အခုလို တန်ပြန်စစ်ဆင်ဖို့ ပြင်ဆင်နေတာလို့ သူကပြောပါတယ်။
“ကျွန်တော်တို့ ဆီကမှာ မကြာသေးခင်က သိမ်းဆည်းရမိခဲ့တဲ့ ၁၂၀ မမ လက်နက်ကြီး ၇ လက်အပါအဝင် ခဲယမ်းတွေလည်း ရှိပါတယ်။ ဒါတွေကို ပြန်လည်အသုံးပြုပြီး စစ်ကောင်စီတပ်တွေကို တန်ပြန် စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ ဗျူဟာတွေကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ လုပ်မလဲ ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် ပြောလို့လည်း မဖြစ်သေးပါဘူး” လို့ သူကရှင်းပြပါတယ်။
ဒီလို တန်ပြန်စစ်ဆင်မှာ ဖြစ်တာကြောင့် ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ အနည်းဆုံး မီတာ ၅၀၀ အကွာမှာ နေထိုင်ပေးကြဖို့လည်း ကရင်နီ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကစပြီး မယ်စဲ့မြို့နယ်၊ နယ်စပ် စစ်တပ် ခြေကုပ်စခန်းတွေကို ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်တပ်စခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ရာ အခုလို ၁၂၀ မမ လက်နက်ကြီး ၇ လက်၊ လက်နက်ငယ်၊ စက်လတ်နဲ့ ခဲယမ်း အမြောက်အများကိုပါ ရရှိခဲ့တာ ဖြစ်တယ်လို့ ကလလတ ရဲဘော် တစ်ဦးက ပြောပါတယ်။
လက်ရှိ ကရင်ပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။