ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ် ၊ကျိုက်ဇကောအကျဉ်းထောင်ကနေ ထောင်ပြောင်းမယ်ဆိုပြီး စစ်တပ်က ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်က ခေါ်ထုတ်သွားတာလို့ AAPP က ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေက ကျိုက်ဇကောထောင်ကို သွားရောက် စုံစမ်းရာမှာတော့ ထောင်တာဝန်ရှိသူတွေက အကြိမ်ကြိမ်ငြင်းဆိုနေတယ်လို့ AAPP က ဖော်ပြပါတယ်။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား လူငယ် ၂ ဦး ထောင်ပြောင်းချိန် ထွက်ပြေးလို့ ပစ်ခတ်ရာမှာ သေဆုံးသွားတယ်ဆိုတဲ့သတင်းကို တော့ ကျိုက်ဇကောထောင် အာဏာပိုင်တွေက မိသားစုတွေဆီကို ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အကြောင်းကြားလာပါတယ်။
အဲဒီစာတွေမှာ ဇွန်လ ၂၉ရက်လို့ ရက်စွဲတပ်ထားပေမယ့် မိသားစုတွေထံကို တစ်ပတ်ကျော်အကြာမှာ ရောက်လာတာလို့ AAPP က ထောက်ပြပါတယ်။
စာထဲမှာတော့ ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကိုပြောင်းတာလို့ ဖော်ပြထားပြီး လမ်းမှာ ကားမှောက်ချိန် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတာလို့အကြောင်းပြထားပါတယ်။
ထောင်ပြောင်းတယ်ဆိုတာဟာ အကြောင်းပြချက်တစ်ခုသာဖြစ်တယ်လို့ AAPP က ထုတ်ပြန်ချက်မှာပြောပါတယ်။
အခုလပိုင်းဖြစ်စဉ်တွေအရ ထောင်ထဲကနေ ခေါ်ထုတ်ပြီး စစ်ကြော သတ်ဖြတ်တဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ AAPP က ဆိုပါတယ်။
မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသား ဦးစိန်ဝင်းဆိုလည်း ထောင်ထဲမှာ သွေကြောပေါက်ပြီး သေဆုံးသွားတယ်လို့ ဇူလိုင်လ ၂ ရက်က မိသားစုဆီအကြောင်းကြားပေမယ့် တကယ်တော့ ထောင်ပြင်ခေါ်ထုတ်ပြီး စစ်ကြောခံရသလို ရုပ်အလောင်းမှာလည်း အညိုအမည်းဒဏ်ရာတွေ တွေ့ရတယ်ဆိုတာ မိသားစုအသိုင်းအဝိုင်းကတဆင့်ပြန်သိရတယ်လို့ AAPP က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။