စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်ပြည်သူတစ်ဦး မြွေဆိုးကိုက်ခံရပြီး မြွေဆိပ်ဖြေဆေးမလုံလောက်၍ အခြားတနေရာသို့လွှဲဲပြောင်းပေးခဲ့ရကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောသည်။
ယမန်နေ့ (ဇူလိုင်လ ၉ ရက်နေ့)က ထန်းကုန်းတိုက်နယ်တွင် အသက် ၂၅နှစ်အရွယ်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦး စစ်ရှောင်တဲအတွင်းအိပ်နေစဉ် မြွေကိုက်ခံခဲ့ရကြောင်း၊မြွေဆိပ်
ဖြေဆေးမလုံလောက်၍ အဆိုပါအမျိုးသမီးအား မြွေဆိပ်ဖြေဆေးရှိမည့် အခြားတနေရာသို့ လွှဲပေးလိုက်ရကြောင်း ဒေသတွင်းစစ်ရှောင် ကူညီနေသူများက ပြောသည်။
“ခုစိတ်ချရတဲ့အနေအထားတော့ ရောက်ပြီလို့ပြောတယ်။ စိတ်ချရတယ်ဆိုတာလည်း ငါးရက်တစ်ပတ်လောက်နေမှ ဟိုဘက်ပါတယ်ဒီဘက်ပါတယ် ပြောလို့ရမယ့်အနေအထားပါ။ လောလောဆယ်တော့ ဆေးကုသပေးထားတယ်။ ဆေးဝါးကတော့ ချွေကုနေရတဲ့အနေအထားပဲ။”ဟု ထန်းကုန်းတိုက်နယ်စစ်ရှောင်များအား ကူညီနေသူ ကိုစိုးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်အတွင်း အသက် ၂၃နှစ်အရွယ် အမျိုးသားတစ်ဦး၊ ထန်းကုန်းတိုက်နယ်မှ အသက် ၅၀ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ မြွေဆိုးကိုက်ခံခဲ့ရ၍ ဆေးကုသမှုခံယူနေရသေးသည်။
ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊ချပ်သင်း၊ပင့်သာနှင့်ထန်းကုန်းတိုက်နယ်များသည် မြွေဆိုးကိုက်ခံရမှုအများဆုံးဒေသများဖြစ်ကြောင်းကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
ထန်းကုန်းတိုက်နယ်အတွင်း မြွေဆိပ်ဖြေဆေးအပြင်၊အခြေခံဆေးဝါးများနှင့် အမြဲစွဲသောက်ရသည့်ဆေးဝါးများလည်း လိုအပ်နေကြောင်းကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇူလိုင်လပထမအပတ်အထိ မြွေဆိုးကိုက်ခံရသူ ၈၀ နီးပါးရှိပြီး အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။