နာဂဒေသ၊ နန်းယွန်းမြို့တွင် ကုန်ပစ္စည်းများ သယ်ယူခွင့် မရခြင်းနှင့် လမ်းပြိုပျက်မှုကြောင့် ဆန်ပြတ်နေပြီး ဆန်ဈေး ကျပ် ၁၄၀,၀၀၀ ထိ တက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ခုနန်းယွန်း ဆန်ပြတ်နေတယ်။ အကုန်နီးပါး ပြတ်နေတယ်။ ၁၄၀,၀၀၀ ကျပ်၊ ဆန်မရှိတော့ဘူး။ တစ်အိတ်ပဲ ကျန်တော့လို့ ဒီနေ့ ဆန်လာမေးတာ ၁၅ ဦးရှိနေပြီ”ဟု ဒေသခံက ဆိုသည်။
မိုးတွင်းကာလ ဇူလိုင်လတွင် နန်းယွန်း – ရှင်ဗွေယန်ကြား လမ်းပြိုကျ၍ ကုန်ကားများ သွားလာ၍ မရသလို ၎င်းလမ်းအား တစ်လကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နန်းယွန်းမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီများ မတင်ရဟု စစ်ကောင်စီတပ်က တားမြစ်ထားပြီး နန်းယွန်းမြို့နယ်အတွင်း အငတ်ဘေးဖြင့် ကြုံရနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကားသွားမရ၊ ကားကြီး ဆန်မတင်ရ၊ စက်သုံးဆီမတင်ရ၊ ခေတ်က မကောင်းလမ်းကမကောင်း သူတို့ဝန်ထမ်းတွေပါ ရောငတ်မှာ”ဟု ဆိုသည်။
အဆိုပါလမ်းရှိ ရှင်ဗွေယန်မြို့အနီး ၅ မိုင်အကွာတွင် လမ်းပြိုကျပျက်စီးသွားပြီး ကားများသွားလာရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်း ကျရောက်နေသည့် နန်းယွန်းမြို့နယ်သည် ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ အခြေခံ စားသောက်ကုန်များ သယ်ယူပို့ဆောင်နေရသည့် ဒေသဖြစ်ပြီး လက်ရှိအချိန်တွင် တနိုင်းမြို့တွင်လည်း စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေသလို ဆန်ဈေးလည်း တစ်အိတ်လျှင် တစ်သိန်းသုံးသောင်းအထိ ဈေးတက်နေကြောင်း သိရသည်။