ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမဒီးယာန်နှင့်ခယာယာန်အကြား ယနေ့မနက်တွင်တိုက်ပွဲပြင်းထန်နေကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“အခုတိုက်ပွဲပြင်းထန်နေတယ်။လိုင်ဇာနားမီဒီးယာန်နဲ့ ခယာယာန်ကြားမှာ အကြီးအကျယ်ပဲ။ ဗန်းမော်ဘက်မှတက်လာတဲ့ စကစတပ်တွေ နမ့်ဆန်ယာန်ဘက် ဖောက်လို့မရသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။
အခြားကချင်ဒေသခံတစ်ဦးကလည်း မဒီးယာန်ဒေသ၌ ယနေ့ ဇူလိုင် ၁၁ရက် နံနက် ၁၀နာရီ ၁၅မိနစ်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု ပြောသည်။
တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် KIA ဌာနချုပ် နယ်မြေ နှင့်နီးသည့် နမ့်ဆန်ယာန်ဒေသသို့ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ ဇူလိုင်လဆန်းမှစတင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ကတပ်ရင်း (၈ )ရင်းဖြင့်စစ်
ကြောင်းထိုးထားပြီး တပ်ရင်းအချို့မှာ KIA ၏ တိုက်ခိုက်မှုကြောင့် အထိအခိုက်ကျဆုံးမှုများလျက်ရှိသည်ဟုသိရသည်။
အဆိုပါဒေသသို့ စစ်ကောင်စီတပ်များထိုးစစ်ဆင်ပါက သေဆုံးထိခိုက်များနိုင်ကြောင်း၊ ယင်းဒေသတွင် KIA တပ်များသာမက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ရခိုင်တပ်အချို့ရှိနေကြောင်း ကချင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်။