လွိုင်ကော်မြို့အဝင်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိကြောင်းဒေသခံများကပြောသည်။
ယနေ့(ဇူလိုင် ၁၁ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကားအစီးရေ ၁၅ စီးပါသည့် ယာဥ်တန်းကို ကရင်နီပူးပေါင်းတပ်က လွိုင်ကော်-မိုးဗြဲ လမ်းမပေါ်၌ ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။
“မြို့ထဲကို (၇)စီးပဲပြန်ဝင်လာတယ်။အထိနာလို့ နွားလဝိုး ၊ကယန်းသာယာ ဘက်ကိုစကစဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ထိခိုက်သေဆုံးမှု ရှိနေပြီး ပြည်သူ့အိုးအိမ် ပျက်စီးမှုရှိနေပါတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်မှု ဖြစ်စဥ်နှင့်ဆက်စပ်၍ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
သို့သော် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နွားလဝိုး ရွာသား တစ်ဦးလက်နက်ကြီးကျည်ထိမှန်၍ အသက်ဆုံးရှုံး ခဲ့ပြီးကယန်းသာယာရွာမှပြည်သူ တစ်ဦးနှင့် ကုန်းသာ ကျေးရွာ ရှိ ပြည်သူ အချို့ ထိခိုက် ဒဏ်ရာရထားကြောင်း လွိုင်ကော်မြို့ခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက အသိပေးသည်။
ထို့ကြောင့် လွိုင်ကော် -လွိုင်လင်လေးဖက်နှင့် လွိုင်ကော် – ကယန်းသာယာ-မိုးဗြဲလမ်းကို ပြည်သူများ အသုံးမပြုသေးရန်နှင့် ဂရုစိုက်သွားလာရန် ကရင်နီတပ်ဖွဲ့ဝင်များက တိုက်တွန်းသည်။
ကရင်နီဒေသ၌ အထိနာနေသော စစ်ကောင်စီက ရှမ်း ပြည်နယ်အခြေစိုက်တပ်များဖြင့် စစ်သားအင်အားဖြည့်တင်းရန် အတွက်ပင်လောင်-ဖယ်ခုံ-မိုးဗြဲ မှတဆင့် လွိုင်ကော်သို့ မကြာခဏ ပို့ဆောင်နေသည်။