ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်၊ မနက် ၇ နာရီခွဲလောက်က အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲမရှိဘဲ ပစ်ခတ်လို့အမျိုးသမီးတဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတဦးထံက သိရပါတယ်။
” ကားက မရပ်ဘူး၊ မောင်းရင်း လျှောက်ပစ်သွားတာ၊ ကားပေါ်ကနေပဲ ပစ်ချတာ၊ သေနတ်တွေနဲ့ပဲ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ နွားလဝိုးရွာစျေးက လူလတ်ပိုင်းအရွယ် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး၊ ကုန်းသာရွာမှာက အသက် ၁၇ နှစ်ခန့်ရှိ အမျိုးသားတဦးတို့ ကျည်ဆန်ထိမှန် သေဆုံးခဲ့ကြတာပါ။
အခုလို ပစ်ခတ်ခံရတဲ့ နွားလဝိုးကျေးရွာမှာ လွိုင်ကော်ကနေ နှစ်မိုင်ခန့်နဲ့ ကုန်းသာရွာကတော့ ခြောက်မိုင်ခန့်အကွာမှာ ရှိပြီး ရွာခံတွေ ပုံမှန်နေထိုင်နေကြတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတချို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကား ၁၅ ခန့်နဲ့ မိုးဗြဲဘက်ကနေ လွိုင်ကော်ဘက်ကို အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယာဉ်တန်းပေါ်ကနေ အရပ်သားတွေကို အခုလိုအကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတဦးကတော့ စစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ တိုက်ခိုက်ခံရမှာကို စိုးရိမ်လို့ အခုလို ရမ်းသမ်းပစ်ခတ်ခဲ့တာ ထင်တယ်လို့ သုံးသပ်ပြောကြားပါတယ်။
” ကားက ၁၅ စီးလောက် ရှိတယ်ပြောတယ်၊ ကျနော်ကတော့ ငါးစီးပဲ တွေ့လိုက်တယ်။ လွိုင်ကော်ဘက်ကို အင်အားဖြည့်တင်းဖို့ သွားကြတာ၊ လမ်းမှာက PDF တွေ ကြားဖြတ်တိုက်တာ အမြဲခံနေရာတော့ ကြောက်ကြောက်နဲ့ လျှောက်ပစ်တာပဲ ဖြစ်မယ် ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကလည်း ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုကို စစ်ကောင်စီတပ်တွေ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အသက် နှစ်နှစ်ကျော် အရွယ် ကလေးငယ်ပါအဝင် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဇွန်လကုန်အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားဦးရေ ၃၆၅ ဦးအထိ ရှိပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စာရင်းတွေအရ သိရပါတယ်။