ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် စစ်ကောင်စီတပ်များသည် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားနေပြီး ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ အမြောက်တပ် ၂၂၈ မှ ချင်းတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“မနက် ၃ နာရီလောက်ကနေ စပြီး စစ်ကောင်စီတပ်သားတွေက သေနတ်တွေပစ်နေကြတာ။ တစ်ရွာလုံး အခု ထွက်ပြေးနေရပြီ။ အများစုကတော့ ကလေးဘက်ကို ထွက်ပြေးကြတယ်” ဟု သိုင်းငင်ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသကာကွယ်ရေး တပ်များသည် ယနေ့နံနက် ၅ နာရီမှစတင်၍ စစ်ကောင်စီတပ်စွဲထားသည့် သိုင်းငင်းရွာသို့ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သိုင်းငင်းစာသင်ကျောင်းအနီးတွင်အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ် ၁၀ ဖွဲ့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ကလေး-တီးတိန်၊ ကလေး-ဖလမ်း လမ်းပိုင်းကို ဇူလိုင် ၁ ရက်နေ့မှ စတင်၍ ယနေ့ထိ ပိတ်ပင်ထားကြောင်းသိရသည်။
“ကလေးမြို့ပေါ်မှာရှိတဲ့ စစ်တပ်(စစ်ကောင်စီတပ်)က မနက်စောစော ၆ နာရီလောက်ကတည်းက ချင်းတောင်ဘက်ကို လက်နက်ကြီးနဲ့လှမ်းလှမ်းထုနေတာ အနည်းဆုံး ခုနစ် ကြိမ်လောက်ရှိနေပြီ” ဟု ကလေးမြို့ပေါ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက သိုင်းငင်းကျေးရွာကို ကြည်းကြောင်း၊လေကြောင်းတို့ဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး အထိုင်ချတပ်စွဲထားသည်။