စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ နန်းတော်ရာ အတွင်း တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့ နန်းတော်ရာအတွင်း တပ်စွဲထားသော စစ်သားများ သန့်ရှင်းရေး လုပ်နေချိန်၌ မြောက်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက် တို့မှ လက်ပစ်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် တပ်ခွဲ ၁ NaungYoeArmy၊ ရွှေဘိုကျားကြီး ပြောက်ကျား တပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှလည်း မြို့တွင်းသို့ ကားဖြင့် ရမ်းသမ်း၍ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် မုန်တိုင်းသေဆုံးခဲ့ကြောင်း Black Wolf Army ထံမှ သိရသည်။
ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တပ်စွဲထားသော ကော့ ရွာ(ခ) ပျူစောထီးရွာအား ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် မုန်တိုင်းသေဆုံးခဲ့ ပြီး ပျူစောထီး ၂ ဦးဆေးရုံတင်ထားရကာ တစ်ဦးအပြင်းအထန်ဖြင့် စိုးရိမ်ရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ်တပ်ဖွဲ ဝင်များ ဖြစ်သော Who am i – army ၊ တိုက်နယ် ပကဖ ၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။