ဧရာဝတီတိုင်း၌ ဇူလိုင်လ ပထမပတ်အတွင်း ဒေသခံ ၃ ဦးဖမ်းဆီးခံရပြီး နေအိမ် ၁ လုံး ချိပ်ပိတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ ကြံခင်းမြို့မှ ၁ ဦး၊ မြန်အောင်မြို့မှ ၁ ဦးနှင့် ညောင်တုန်းမြို့မှ ၁ ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။
” ညမထွက်ရအမိန့်အချိန်ကျော်ထွက်လို့ အဖမ်းခံရတာ ၁ ဦး၊ လိုင်းပေါ်မှာ နိုင်ငံရေးအကြောင်းတွေရေးလို့ အဖမ်းခံရတာ ၂ ဦး၊ နောက်တစ်ယောက်က ဝရမ်းထုတ်တာလို့ လာပြန်ခံဝန်ထိုးတာ အဖမ်းမခံရဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ညောင်တုန်းမြို့၊ မဲဇလီဒလကျေးရွာအုပ်စု၊ အောက်စုကျေးရွာတွင် နေထိုင်သူတစ်ဦးမှာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်ခံရမှုကြောင့် ၎င်းကိုယ်တိုင် လာရောက်ဝန်ခံမှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
အွန်လိုင်းပေါ်တွင် နိုင်ငံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများရေးသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူမှာ မြန်အောင်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ဇေယျာသာကြီး ဘုရားလမ်း တွင်နေထိုင်သည့် အသက် ၆၀ ဝန်းကျင်အရွယ် ဦးဝင်းမောင်မောင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။
နောက်ထပ်တစ်ဦးကိုတော့ မြို့နယ်နှင့် အမည်ကို အတည်ကျပြောဆိုခြင်းမရှိသဖြင့် ဧရာဝတီတိုင်းအနေဖြင့် စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေသည်။
ဒါ့ပြင် ချောင်းသာမြို့တွင် အဖမ်းခံရသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ထည့်သွင်းကြေညာထားသည်ကိုတွေ့ရသည်။