ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအထက်နှင့် ဖာခေတ်ကျေးရွာအနီး နေရာများ၌ စစ်ကောင်စီယာဉ်တန်းကို KIA မှ စောင့်ကြိုတိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်း မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီကားတစ်စီး စောင့်ကြိုတိုက်ခိုက်ခံရ၍ အသေအပျောက်များသည်ဟု သိရသည်။
ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအထက်နှင့် ဖာခေတ်ကျေးရွာအနီး နေရာများ၌ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီကားတစ်စီး ထိခိုက်ပျက်စီးသွားပြီး အထိနာကာ လူနာများကို လူနာတင်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သည်ဟု ဒေသခံများက ဆိုသည်။
မိုးမောက်မြို့ဘက်မှ တက်လာသည့် စစ်ကောင်စီကားတစ်စီးလည်း နွမ်လန်းကျေးရွာအနီးတွင် KIA အမှတ် ၂၅ လှုပ်ရှားတပ်ရင်း၏ တိုက်ခိုက်မှုခံရပြီး ကားမှောက်လှဲသွားကာ စစ်ကောင်စီစစ်သားများ အသေအပျောက်များနိုင်သည်ဟု သိရကြောင်း ဒေသသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းစစ်ကောင်စီကားတွင် စစ်သားအယောက် ၂၀ ကျော်လိုက်ပါစီးနင်းလာသည့် ကားဖြစ်ကြောင်း သိရသည်။
ယခုလ ဇူလိုင်လဆန်းမှစပြီး လိုင်ဇာ နယ်မြေဒေသနှင့် နီးစပ်သည့် နေရာများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး လက်နက်ကြီးများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှု ပိုစိပ်လာသည်ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။