ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုမှာ ဒီနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်း တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကတဆင့်သိရပါတယ်။
ကြာအင်းဆိပ်ကြီးဟာ KNU တပ်မဟာ ၆ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ကြတာလို့သိပါတယ်။
တိုက်ပွဲအတွင်း ကြာအင်းဆိပ်ကြီးနဲ့အလှမ်းမဝေးတဲ့ မုဒုံမြို့နယ်မှာအခြေစိုက်တဲ့ စစ်ကောင်စီအမြှောက်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်သလို မနက် ၁၀ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တာရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်အတွင်းမှာလည်း ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
တိုက်ပွဲတွေကြောင့် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုက ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။