ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား – ဗန်းမော်ကားလမ်းတွင် ယနေ့မနက်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ဇူလိုင် ၁၂ရက် နံနက် ၁၀နာရီအချိန်တွင် ဝိုင်းမော်မြို့နယ် မလန့်ယာန် အနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟုသိရသည်။
“ မြစ်ကြီးနားဘက်က နမ့်ဆန်ယာန်သို့စစ်ကူလာသော စကစတပ် ခမရ(၃၁၈)နဲ့ (၃၈၅) ပူးပေါင်းစစ်ကြောင်းနဲ့ KIAနဲ့ တိုက်ပွဲဖြစ်တာ” ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင်နန်ဆန်ယာန်အနီးအောင်ဂျာ နှင့် မဒီးယာန်ကြားတွင်လည်း နှစ်ဖက်တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြသည်ဟုကချင်သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
နန်ဆန်ယာန်ဒေသတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ဇူလိုင်လဆန်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ယမန်နေ့ကလည်း နန်ဆန်ယာန်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်များနှင့်ယာဉ်တန်းများကို KIAက တိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ခဲ့သည်။
နန်ဆန်ယာန်နှင့် ဆက်စပ်ဒေသများ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားကြောင်းသတင်းရင်းမြစ်အချို့က ပြောကြားထားပြီး သီးခြားအတည်ပြုချက်မရသေးပေ။