အာဏာသိမ်းစစ်ကောင်စီကျူးလွန်နေတဲ့ လုပ်ရပ်တွေကို အာဆီယံရဲ့ ပူးတွဲကြေညာချက်မှာ ပြင်းထန်စွာပြစ်တင်ရှုတ်ချဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ဒီနေ့ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပေါင်းစည်းကာ ပူးတွဲကြေညာချက်ကတဆင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချဖို့ တိုက်တွန်းခဲ့တာလို့ အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်ကောင်စီကျူးလွန်နေတဲ့ လုပ်ရပ်တိုင်းကို ပြစ်တင်ရှုတ်ချဖို့ ဘာကြောင့်အရေးကြီးနေရသလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ တနေ့တခြား ပိုမိုဆိုးရွားလာနေပြီး ပြည်တွင်းနေရပ်စွန့်ခွာမှု ပြဿနာကိုလည်း ဖြစ်ပေါ်စေတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Zambry Abdul Kadir က ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အဖွဲ့ဝင်နိုင်ငံများ လုပ်ဆောင်ခဲ့တဲ့ တွေ့ဆုံပွဲတွေ၊ ထိတွေ့ဆက်ဆံမှု စတဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံတည်းက ဖြစ်ပေါ်လာတဲ့ ဘယ်လို အလွတ်သဘောဆွေးနွေးပွဲကိုမဆို တားမြစ်ဖို့ သဘောတူခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အာဆီယံကို ဦးတည်ရမှာ ဖြစ်ကာ ကြိုးပမ်းမှုအားလုံးဟာ တူညီဆန္ဒ ၅ ရပ်အပေါ် အခြေခံရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။