ချင်းပြည်နယ်၊ တွန်းဇံမြို့ အထက ကျောင်း၌ ကင်းစောင့်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး ၆၀ မမ တစ်လက်အပါအဝင် သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Tonzang တပ်ဖွဲ့မှ အထွေထွေအတွင်းရေးမှူး ထန်ဆွန်းမုန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တွန်းဇံမြို့၊ အထက ကျောင်း၌ ကင်းစောင့် နေ သော အကြမ်းဖက်စစ်သားများကို CDF-Tonzang တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိကာ ၆၀ မမ တစ်လက်အပါအဝင် မောင်းပြန်သေနတ် တစ်လက်ကို သိမ်းဆည်းရရှိခဲ့ ကြောင်းသိရှိရသည်။
“ကျနော်တို့ ရဲဘော်တွေပြောတာကတော့ တိုက်ပွဲထဲမှာ ၇ ယောက် ၈ ယောက်လောက်တော့ လဲတယ် လို့ပြောတယ်၊ ဒါ့ပေမယ့် ကျနော့်အမျိုးတွေက ကျောင်းတက်နေတာ အများကြီးလေ၊ သူတို့ပြောပြချက် အရတော့ တစ်ယောက်သေတယ်၊ တစ်ယောက်က ဆေးရုံတင်ရတယ်တဲ့၊ ကျနော့်ရဲဘော်တွေ သတင်းပို့ တာတော့ ဘာသေနတ်အမျိုးအစားလဲတော့ မသိသေးဘူး၊ စစ်ခွေးတွေကိုင်တဲ့ သေနတ်တစ်လက်နဲ့ ၆၀ မမ တစ်လက်ရတယ်” ဟု CDF-Tonzang တပ်ဖွဲ့မှ အထွေထွေအတွင်းရေးမှူး ထန်ဆွန်းမုန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါစာသင်ကျောင်းတွင် တပ်စိပ်တစ်စိတ်ခန့်ဖြင့် ကျောင်းစောင့်နေခြင်းဖြစ်ကြောင်း၊ CDF Tonzang တပ်ဖွဲ့မှ ကျောင်းမဖွင့်ရန်၊ ပိတ်ထားကြရန် သတိပေးခဲ့ရာ တွန်းဇံမြို့နယ် အကြမ်းဖက်စစ်တပ်ခန့် အုပ် ချုပ်ရေးမှူးနှင့် ပညာရေးမှူးမှ CDF-Tonzang တပ်ဖွဲ့စခန်းကို တိုက်ခိုက်ရမည်ဟု စိန်ခေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတက်နေသော ကလေးများ၊ တွန်းဇံမြို့နေပြည်သူ များ ထိခိုက်ခြင်းမရှိကြောင်း သိရသည်။
“ကနော်တို့ သတိပေးပြီးသား၊ ကလေးတွေ မထိအောင် ကွင်းပြင်မှာ မိုင်းဆွဲပြီး သတိပေးလိုက်တာ၊ အဲဒါ ကို သူတို့က ကျောင်းမပိတ်တဲ့အပြင် ကျနော်တို့ တွန်းဇံကို စိန်ခေါ်သေးတယ်၊ ကျောင်း မဖွင့်ရဘူးဆိုရင် CDF – Tonzang ကို လာတိုက်ရလိမ့်မယ်ဆိုပြီးတော့ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပညာရေးမှူးက ဒီလိုစကားပြန်ပြောလာလို့ ဝင်ခိုင်းလိုက်တာ၊ ကလေးတွေ ဘာမှ မဖြစ်ပါဘူး၊ ကျနော်တို့အမျိုးတွေပဲ လေ၊ ကျနော်တို့က ကိုယ့်အမျိုးတွေကို ထိအောင် ဘယ်လုပ်မလဲ၊” ဟု CDF-Tonzang တပ်ဖွဲ့မှ အထွေ ထွေအတွင်းရေးမှူး ထန်ဆွန်းမုန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါဝင်ရောက်တိုက်ခိုက်မှုအတွင်း CDF-Tonzang တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။