ဇူလိုင်လ(၁၉) ရက်နေ့မှာ ကျရောက်မယ့် (၇၆) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပ မယ့်နေရာတွေကို လာရောက်မယ့်သူတွေအနေနဲ့ လက်ကိုင်ဖုန်းအပါအဝင် ပစ္စည်း(၁၀) မျိုးယူ မလာဖို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အာဇာနည်နေ့မှာ အာဇာနည် ဗိမ္မာန်၊အတွင်းဝန်ရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွေကိုလာ ရောက်သူတွေအနေနဲ့ လက်ကိုင်ဖုန်း၊လက်ကိုင်အိတ်၊ကင်မရာ၊ပန်းခွေ၊ပန်းစည်း၊ အလံ၊မီးခြစ်၊ ဗီနိုင်း၊ပုလင်း-ဗူး၊ဘောပင်နဲ့ တုတ်အမျိုးမျိုးကို ယူဆောင်ခွင့်မပြုဘူးလို့ ဆိုထားတာပါ။
ဒီနှစ် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့အတွင်းဝန်ရုံးတို့မှာ နိုင်ငံတော် အလံတိုင် တစ်ဝက်လွှင့်ထူတဲ့ အခမ်းအနားကို ပြုလုပ်ဖို့ ပြင်ဆင်နေသလို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးရုံးမှာလည်း ဆွမ်းကပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ အထူးပြပွဲ ပြသ နိုင်ဖို့ ပြင်ဆင်ထားပြီး ဇူလိုင်လ(၁၉) ရက်နေ့မှာ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ကို ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ စစ်ကောင်စီ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုချိန်မှာတော့ အာဇာနည်နေ့ကျင်းပဖို့အတွက်ဆိုပြီး စစ်ကောင်စီက အတွင်းဝန်ရုံးဘေးပတ် ဝန်းကျင်မှာ ဘန်ကာတွေတည်ဆောက်ထားပြီး လုံခြုံရေးတိုးမြင့်ထားတယ်လို့ သိရပါတယ်။
အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပေမယ့် လက်ရှိ အာဏာရှင် လက်ထက်မှာတော့ ၂၀၂၁ ခုနှစ်က စပြီး အာဇာနည်နေ့အခမ်းအနားတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။