မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ သိမ်ဇရပ်ရဲစခန်းမှ အမှုစစ် ဒုရဲအုပ်မျိုးသီဟသည် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး သမီးမိသားစုကို အရက်မူးပြီး ကားဖြင့်တိုက်သည့်အပြင် သေနတ်ပစ်ဖောက်ပြီးနောက် အခြားတစ်နေရာတွင်လည်း အမျိုးသမီး နှစ်ဦးကို ကားဖြင့် ထပ်မံ တိုက်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၃ နာရီကျော်ဝန်းကျင်က သိမ်ဇရပ်မြို့၊ စစ်တောင်းတံတားထိပ်တွင် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၏ သမီးသည် ခင်ပွန်း၊ ကလေးငယ် တို့နှင့်အတူ ဆိုင်ကယ်စီးလာချိန်၌ ဒုရဲအုပ်မျိုးသီဟ မောင်းနှင်လာသည့် ဟွန်ဒါဖစ် အဖြူရောင်ကားက ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်စီးလာသူများ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းရောက်ရှိလာစဉ် အချင်း များရာမှ အရက်မူးနေသော ဒုရဲအုပ်မျိုးသီဟသည့် သေနတ်ထုတ်၍ ပစ်ဖောက်ခဲ့ပြီး ကားကို မောင်းနှင်ထွက်ခွာသွားကြောင်းသိရသည်။
ထို့ပြင် သိမ်ဇရပ်ဈေးလမ်းဆုံ၌ အခြားဆိုင်ကယ်တစ်စီးနှင့် တိုက်မိမလိုဖြစ်ပွားခဲ့ပြီး သာယာကုန်းလမ်းအရောက်တွင် အမျိုးသမီး နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား ထပ်မံတိုက်မိခဲ့သောကြောင့် အဆိုပါအမျိုးသမီးများမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း သိမ်ဇရပ်မြို့ခံတစ်ဦးထံက သိရသည်။
“ဒုရဲအုပ် မျိုးသီဟက မူးနေတာပါ။ အုပ်ကြီးသမီး လင်မယားကတော့ ပွန်းပဲ့ ဒဏ်ရာ တွေရပြီး ကလေးကပါးမှာ ဒဏ်ရာရသွားတယ်။ သာယာကုန်းလမ်းမှာ အတိုက်ခံရ တဲ့မိန်းမ နှစ် ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ဆိုင်ကယ်တွေလည်း တော်တော် ပျက်စီးသွားတယ်။ မျိုးသီဟက နာမည်ဆိုးတဲ့ ကျော်ကြားတဲ့ရဲပါ။ ရွာလေးရပ်ကွက်က ကျောင်းသားလေး နှစ်ယောက်ကိုလည်း PDF လို့စွပ်စွဲပြီး ပါးရိုက်၊ ထုထောင်းတာတွေ လုပ်ခဲ့ဖူးတယ်” ဟု သိမ်ဇရပ်မြို့ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုရဲအုပ်မျိုးသီဟသည် အဆိုပါဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် သိမ်ဇရပ်ရဲစခန်းသို့ ပြန်ရောက်ချိန်တွင် ထပ်မံ၍ သေနတ်ပစ်ဖောက်ခဲ့ပြီး ၎င်း၏ မူးယစ်မောင်းနှင်မှုကြောင့် ဒဏ်ရာရခဲ့သူများမှာ သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း မြို့ခံထံက သိရသည်။