မြိတ်မြို့တွင် မူးယစ်ဆေးဝါးလက်ကားဖြန့်နေသည်ဒိုင်တစ်ဦးကိုဖမ်းဆီးပြီး ကျပ်သိန်း၃၆၀ကျော်ဖိုးရှိ WY ဆေးပြား ခြောက်သောင်းကျော်ကို သိမ်းဆည်းခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁)က တာဝန်ခံကပြောသည်။
ပုလောမြို့နယ် လက္ကူးကျေးရွာမှ ၃၈ နှစ်အရွယ်ကျော်အေးဆိုသူသည် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသည်ဟုသတင်းရရှိသဖြင့်မြိတ်ခရိုင်တပ်ရင်း(၁)သည် ကျော်အေးကို သွားရောက်ဖမ်းဆီးသောအခါ မူးယစ်ဆေးဝါးများနှင့်ပါတစ်ကွ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက ယနေ့သတင်းထုတ်ပြန်ထားသည်။
သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါးအပါအဝင်ဆက်စပ်ပစ္စည်းများနှင့် ကျော်အေးကို ပုလောမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံပြီး ဥပဒေနှင့်အညီ အရေးယူမှုများလုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု မြိတ်ခရိုင်တပ်ရင်း (၁)က အသိပေးသည်။
“အခု ဖမ်းဆီးတာကလည်း သူက မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတဲ့ တကယ့် ဒိုင်ကြီး ဖြစ်တယ်။ ဖမ်းမိတာတင် WY ဆေးပြား ခြောက်သောင်း ကျော်တယ်။ကျွန်တော်တို့ကတော့ မူးယစ်ဆေးဝါးကို တိုက်ထုတ်မှာ ဖြစ်လို့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေလို့ရှိရင် ဥပေဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားဖို့ရှိတယ်”ဟုမြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံကပြောသည်။
သိမ်းဆည်းရမိသော ပစ္စည်းများအနက် ကျပ်ငွေ သိန်းသုံးရာကျော်(၃၆,၂၆၈,၀၀၀)တန်ဖိုးရှိ WY ဆေးပြား (၆၄,၉၃၅)၊ ဘုံ(ဆက်စပ်) တစ်လုံး၊ မီးခြစ် နှစ်လုံး၊ ခဲပြား တစ်လိပ်၊ နားစွဲ သုံးစုံနှင့် တစ် ခြမ်း၊ ဟန်းချိန်း တစ်ကွင်း၊ လက်ကောက် ငါးကွင်း၊ လက် စွပ် သုံးကွင်း၊ ဆွဲကြိုး သုံးကုံးနှင့် လော့ကစ်သီး နှစ်ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။
“မူးယစ်ဆေးတွေက လူငယ်တွေကို အဓိကဖျက်ဆီးနေတဲ့ အရာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က မလုပ်ဖို့ သတိပေးမယ်၊ တားမြစ်မယ်၊ ဒါတွေ လုပ်တဲ့အ ချိန်ဆို လိုက်နာပေးကြပါ။ ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပါ”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ဦးကျော်အေးထံမှ သိမ်းဆည်းရရှိသည့် ရွှေထည်ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်းအဖြစ်သတ် မှတ်၍ ထုခွဲရောင်းချကာ စစ်အာဏာရှင်တော်လှန် ရေးလုပ်ငန်းများ၌ အကျိုးရှိစွာ ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်းမြိတ်ခရိုင်တပ်ရင်း(၁)က အသိပေးထားသည်။