ရန်ကုန်မြို့ကနေ မိုင်ရာကျော်သာ ကွာဝေးတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ တော်ဝိကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်တော်- PDF တို့ ဒီကနေ့ ဇူလိုင်လ ၁၄ ရက် မွန်းလွဲပိုင်းက စပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပိန်ဇလုပ်နဲ့ ညောင်လေးပင် လမ်းဆုံကြား၊ ရန်ကုန်- မန္တလေး မီးရထားလမ်း ဖြတ်သန်းရာ တော်ဝိကျေးရွာ အနီးမှာ ဒီကနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က တိုက်ပွဲတွေ စတင် ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲပဲလို့ သူကပြောပါတယ်။
“ဖြစ်တာက ၂ နာရီကျော်လောက်က စဖြစ်နေတာ။ တိုက်ပွဲကတော့ ပြင်းတယ်။ အခုလည်း ဖြစ်နေတုန်းပဲ။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတော့ တိုက်ပွဲဖြစ်နေတုန်းမို့လို့ မသိရသေးဘူး။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီး တွေတော့ ဆက်တိုက်ပစ်နေတယ်”လို့ သူက ပြောပါတယ်။
အဆိုပါ ဒေသဟာ ရန်ကုန်နဲ့ နေပြည်တော်ကြား အချက်အခြာကျပြီး စစ်ရေးအရ အရေးပါတဲ့ ဒေသဖြစ်တဲ့ အပြင် ရန်ကုန်- မန္တလေး အမြန်လမ်းကိုလည်း ခြိမ်းခြောက်နိုင်တဲ့ ဒေသဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေက တော်ဝိကျေးရွာထဲမှာ တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားရာ နေရာသာမက ကောက်မယ်သူ၊ ချုံအင်း၊ ရေတွင်းကြီး၊ အင်ကုန်းနဲ့ အင်ပရီကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် လူနေအိမ်တစ်ချို့ ပျက်စီးမှုရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို ပစ်ခတ်မှုတွေ ဒေသခံ ပြည်သူအများစုဟာ ခေတ္တတိမ်းရှောင် နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက် မနက်ပိုင်းကလည်း ရန်ကုန်- မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီစစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာတယ်လို့ ဆိုတဲ့ စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ပါသေးတယ်။