ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ထဲမှာ စစ်ကောင်စီက အနီးအနား ကျေးရွာတွေက ခိုးဆိုးလုနှိုက် ဆိုးသွမ်းသူတွေကို စုပြီး ပျူစောထီး စစ်သင်တန်း ပေးနေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၄ ရက်မှာ ပြောပါတယ်။
ဗထူးတပ်မြို့ အနီးအနားမှာ နေထိုင်သူ တစ်ဦးရဲ့ပြောဆိုချက်အရ ဒီရက်ပိုင်း စစ်သင်တန်းက လေ့ကျင့်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
“မနက် ညနေဆို PT ပြေးတဲ့အသံ၊ လေ့ကျင့်နေတဲ့ သေနတ်သံတွေ၊ လက်နက်ကြီး အသံတွေ ကြားနေရတယ်။ ကျွန်မ သိရသလောက်ကတော့ ရပ်စောက်အနီးအနားက ရွာတွေက ခိုးဆိုးလုနှိုက်၊ ထောင်ကျဖူးတဲ့ သူတွေကော၊ စစ်တပ်ထောက်ခံသူ စစ်သား သားသမီးတွေ ပါတယ်” လို့ သူကပြောပါတယ်။
တပ်တွင်း လေ့ကျင်မှုကို မမြင်ရတာကြောင့် ပျူစောထီးသင်တန်း တက်နေသူ ဘယ်လောက်ရှိလဲ ဆိုတာ ကိုတော့ မသိရဘူးလို့ သူကရှင်းပြပါတယ်။
ဗထူးတပ်မြို့ဟာ ကျဆုံးသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီး ဗထူးရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ၁၉၅၅ ခုနှစ်က ဝန်ကြီးချုပ်ဦးနု ဖွင့်လှစ်ခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့ မြောက်ဘက် တစ်မိုင်ကွာခန့်မှာ တည်ထားတဲ့ တပ်မြို့ ဲဖစ်ပါတယ်။
ဗထူးတပ်မြို့မှာ စစ်တပ် (ကြည်း) ဗိုလ်သင်တန်းကျောင်း တည်ရှိသလို စစ်တပ် သင်တန်းကျောင်းတွေနဲ့ စစ်ကောင်စီရဲ့ ခြေလျင် တိုက်ခိုက်ရေး တပ်၊ လက်ရုံး ဝန်ထမ်းတပ်တွေ အခြေစိုက်တဲ့ မြို့လည်း ဖြစ်ပါတယ်။