ပြည်ပကို ပို့ကုန်တင်ပို့သူတွေဟာ ရရှိတဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ထားတဲ့ ပို့ကုန်ရငွေထဲက ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေလဲလှယ်ရေး ညွှန်ကြားချက်ကို အခု ၅၀ ရာခိုင်နှုန်း လဲလှယ်ဖို့ ပြင်ဆင်သတ်မှတ်လိုက်တာပါ။
ရာခိုင်နှုန်း ဖြေလျှော့အမိန့်ဟာ ကုန်သည်/စက်မှုအသင်းချုပ်(UMFCCI)နဲ့ စစ်ကောင်စီဥက္ကဌတို့ အခုလ အစောပိုင်းက တွေ့ဆုံမှုအပြီးမှာဖြစ်လာတာလို့ လုပ်ငန်းရှင်အချို့က ပြောပြပါတယ်။
ထုတ်ပြန်ချက်အရ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေး ၂၁၀၀ ကျပ်နဲ့ မဖြစ်မနေ ရောင်းချရမှာဖြစ်ပြီး ကျန်တစ်ဝက်ကိုသာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမှာပါ။
အပြင်ဈေးကွက်ပေါက်ဈေးကတော့ ကန်တစ်ဒေါ်လာကို ဗဟိုဘဏ်ဈေးနဲ့ တစ်ထောင်ကျော်ကွာဟပါတယ်။
ဒီထုတ်ပြန်ချက်ကို ပို့ကုန်တင်ပို့သူတွေအနေနဲ့ လိုက်နာမှုမရှိရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခံရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။