လာမယ့် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အီးယူ – အာဆီယံညှိနှိုင်းရေးမှူးအလှည့်ကျတာဝန်ယူရမှာဖြစ်ပေမဲ့ စစ်ကောင်စီကိုအီးယူကအတည်မပြုတာကြောင့် အဖြေထပ်ရှာကြရလိမ့်မယ်လို့ ဥရောပသမဂ္ဂ သံတမန် Josep Borrell က ပြောပါတယ်။
အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ဂျူလိုင် ၁၃ ရက်ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ AP သတင်းဌာနမှာဖော်ပြချက်အရ သိရပါတယ်။
“ဥရောပသမဂ္ဂနဲ့ အာဆီယံဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးတာဝန်ယူဖို့ မြန်မာနိုင်ငံရဲ့အလားအလာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတစ်ရပ်ကို ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့က စစ်အာဏာရှင်တွေကို အသိအမှတ်မပြုဘူး။ ဒီကိစ္စကို ကျော်လွှားဖို့အဖြေရှာရလိမ့်မယ်” လို့ ဥရောပသမဂ္ဂသံတမန် Josep Borrell က အာဆီယံအဖွဲ့ဝင်များအား တွေ့ဆုံပွဲအစမှာ ပြောပါတယ်။
လက်ရှိမှာ အီးယူ-အာဆီယံညှိနှိုင်းရေးမှူးအလှည့်ကျတာဝန်ကို ဖိလစ်ပိုင်နိုင်ငံကတာဝန်ယူထားပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံကတာဝန်ယူဖို့ယခင်ကစီစဉ်ထားပေမဲ့ ယခုအခါ မြန်မာနိုင်ငံအစား လာအိုနိုင်ငံကို တာဝန်ပေးအပ်ဖို့ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ အမည်မဖော်လိုတဲ့သံတမန်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အီးယူ၊ အမေရိကန်နဲ့အနောက်နိုင်ငံတွေဟာ အကြမ်းဖက်စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်ထားပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန် တောင်းဆိုထားပါတယ်။