မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာနဲ့ ဇလပ်ကုန်းကျေးရွာကြားမှာ PDF ရဲဘော် ၂ ဦး လက်လုပ်မိုင်းတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇူလိုင် ၁၃ ရက် မနက် ၇ နာရီခန့်မှာ သိမ်တိုင်ကျေးရွာကနေ မြင်းခြံဘက်ကို ဆိုင်ကယ်နဲ့လာတဲ့ ကိုအောင်သူဝင်း ၃၀ နှစ်နဲ့ ကိုအောင်ဇော် ၂၄ နှစ်တို့ ၂ ဦးဟာ စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
“သူတို့ ၂ ဦး ဖမ်းဆီးခံလိုက်ရတာက ဟုတ်ပါတယ်။ သူတို့က ဆိုင်ကယ်နဲ့မြို့ထဲ မစ်ရှင်သွားရာမှာ ဖမ်းခံရတာ။ ဖမ်းဆီးခံရချိန်မှာလည်း စကစ တပ်သားတွေရဲ့ ရိုက်နှက်တာကို ခံရသေးတယ်”လို့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးဟာ ဘယ်တော်လှန်ရေးအဖွဲ့က ဖြစ်တယ်ဆိုတာကိုတော့ လုံခြုံရေးအခြေအနေတွေကြောင့် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိဘဲ ၂ ဦးစလုံးကို စစ်ကောင်စီတပ်သားတွေက မြင်းခြံမြို့ဘက်ကို ခေါ်ဆောင်သွားပြီး မိုင်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၄ ရက် ဒီမနက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ သိမ်တိုင်ရွာကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ဆီကနေ ဆာလာအိတ်အဖြူနဲ့ထုပ်ထားတဲ့ ရီမု ၁ ခု၊ ကတ်ကြေး ၁ လက်၊ ဝါယာကြိုးအရှည် ၁ ခွေ၊ လက်လုပ်မိုင်း ၃ လုံးဖမ်းဆီးရမိခဲ့တဲ့အတွက် စစ်ဆေးဖို့ မြင်းခြံဘက်ကို ခေါ်ဆောင်သွားတယ်လို့ ဖော်ပြရေးသားထားကြပါတယ်။
ဇွန်လ ၂၀ ရက် ည ၇ နာရီခွဲလောက်မှာလည်း မစ်ရှင်လုပ်ပြီးပြန်လာတဲ့ မြင်းခြံခရိုင် တပ်ရင်း ၁ (27 Revolution Force)နဲ့ မြင်းခြံခရိုင်တပ်ရင်း ၈ ရဲဘော်တွေကို ယုံထိုးကျေးရွာလမ်းပိုင်းမှာ စစ်ကောင်စီအင်အား ၂၀ ကျော်လောက်က အသင့်စောင့်ကြိုပစ်ခတ်တဲ့အတွက် ရဲဘော် ၅ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။