စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် မုံရွေးကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်စီး လာတဲ့ ကာကွယ်ရေး တပ် ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေကပြောပါတယ်။
“ဖမ်းဆီးသွားပြီးတော့ သူတို့နှစ်ယောက်ကို လယ်ကွင်းထဲမှာပဲ ဦးခေါင်းကို သေ နတ်နဲ့တေ့ပြီး ပစ်သတ်သွားတာ” လို့ မုံရွာ UG တပ်ပေါင်းစုခေါင်းဆောင် ဗိုလ်တိုက်ဂါးက DNA ကို ပြောပါ တယ်။
ချောင်ဦးမြို့နယ် ခင်မွန်ဘက်စုံစိုက်ပျိုးရေးခြံဘက်ကနေ မုံရွာမြို့ဘက်ကို ထွက်လာတဲ့ အင်အား ၂၀ ကျော် လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကတော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း ဖော်ပြထားပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူနှစ်ဦးဟာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုနေဦးနဲ့ကိုကုလားတို့ဖြစ် တယ် လို့သိရပါတယ်။သူတို့နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီးနောက် ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့ တာလို့ ရုပ်အလောင်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြကြပါတယ်။
“သူတို့နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့သယ်ဆောင်ပြီးပါပြီ။ သင်္ဂြိုလ်တာကတော့ သူတို့မိသားစုတွေစုံမှ သင်္ဂြိုလ်မှာပါ”လို့ ဒေသခံကာကွယ်ရေးရဲဘော်တဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးပစ်သတ်ခဲ့တဲ့ ကိုနေဦးနဲ့ကိုကုလားတို့ဟာ စစ်တပ်အာဏာမသိမ်းခင်က ချင်း တွင်းမေတ္တာ ပရဟိတလူမှုကူညီရေးအသင်းမှာ လုပ်ဆောင်ခဲ့ကြသူတွေဖြစ်ကြပြီး လက်ရှိအချိန်မှာတော့ အာဏာ သိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေရာမှာတဖက်တလမ်းကနေပါဝင်ကူညီနေတာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ကာကွယ်ရေးရဲဘော်နှစ်ဦးအနက် ကိုနေဦးဟာ အာဏာ သိမ်းပြီး နောက် ဖမ်းဆီးခံခဲ့ရဖူးပြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်နှစ်နှစ်ချမှတ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက မြင်းခြံ အကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့တာလို့သိရပါတယ်။
ကိုနေဦးရဲ့ သားဖြစ်သူ ဗကသကျောင်းသားဟောင်း ကိုထင်ရှားပြည့်စုံဦးဟာလည်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်က မုံရွာမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့တဲ့ တိုက် ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တယ်လို့ မုံရွာမြို့ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီတပ်တွေကလည်း အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ပစ္စည်း တွေလုယက်တာတွေအပြင် ဖမ်းဆီး၊သတ်ဖြတ်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။
ဒါ့အပြင် မုံရွာမြို့ပေါ်နဲ့ မြို့နယ်အတွင်းမှာလည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတည်းစီးနင်းပါက သေနတ်နဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးငွေညှစ်တာတွေလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။