စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ တုပ်ကွေး ရောဂါဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထု သပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီထံမှ သိရသည်။
ဇူလိုင်လအတွင်း ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒေသပြည်သူများသည် မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရသောကြောင့် ကလေး၊ လူကြီး အားလုံး တုပ်ကွေးမိကာ ဖျားနာလျက်ရှိကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝက်လက်မြို့နယ် သုံးဆင့်ကန်အနီးရှိ ကျေးရွာ မီးရှို့ဖျက်ဆီးခံရသော စစ်ရှောင်ပြည်သူ ၅၂ ဦးကို ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲဦးဆောင် ကော်မတီက ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် တုပ်ကွေးရောဂါ ခံစားနေရသော ပြည်သူများကို ကုသပေးရန် ဆေးဝါး အလုံအလောက်မရှိကြောင်း၊ ထို့ပြင် ရိက္ခာ၊ အမိုးအကာနှင့် အခြေခံလိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများ အနေဖြင့် အကူညီ လှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဝက်လက်မြို့နယ်လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။