တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာနှင့် သကျက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာသား ၁ ဦးဖြစ်သည့် အသက် ၄၀ အရွယ် ဦးသာထူး (ခ) ဦးတင်ထွန်းသည် စစ်ဘေးတိမ်းရှောင်နေရာမှ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာစဥ် စစ်တပ် စစ်ကြောင်းက ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခမောင်းတောင်ရွာသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း သကျက်တောကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာသား ပြည်သူ ဦးအေးချမ်းဦး သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သောကြောင့် လက်မောင်းကို ကျည်ထိမှန်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။