ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်လို့ဆိုကာ စစ်ကောင်စီတပ်သားတွေက မြို့ထဲနေရာအနှံ့ အစစ်အဆေး ကြမ်းနေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။
လွိုင်ကော်မြို့ထဲက YGM(လာဘ်မီးအိမ်) ၊ မီးသတ်ကုန်း၊ ဝန်ကြီးအိမ်ယာ၊ ဥတ္တရာရုံ တစ်ကြောလုံးမှာ စစ်ကောင်စီတပ်သားတွေက အထပ်ထပ်စစ်ဆေးနေတယ်လို့ဆိုပါတယ်။
“မြို့ထဲမှာတော့ နေရာ အနှံ့ပဲ။ အရပ်ဝတ်တွေလည်းရှိတယ်။ ဘာကို သတင်းရပြီးပြင်နေလဲတော့ မသိဘူး။ သေနတ်တပြင်ပြင်ပဲ။ လောလောဆယ်တော့ အဖမ်းခံရတာတော့ မကြားမိသေးဘူးဗျ။ ငွေညှစ်ဖိုပလားတော့ မသိပါဘူး” လို့ လွိုင်ကော်ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် မြို့ထဲက အစိုးရ ရုံးတွေမှာ အရင်ရက်တွေထက် လုံခြုံရေး ပိုချထားပြီး ဂိတ်တွေလည်း ထပ်တိုးချထားတယ်လို့ဆိုပါတယ်။
လွိုင်ကော်မြို့ထဲကို စစ်ကောင်စီက စစ်အင်အားအများအပြားကို လေကြောင်း၊ ကုန်းကြောင်းတွေကနေ ဆက်တိုက်ပို့ဆောင်နေပြီး အဲ့ကတစ်ဆင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီဒေသတွေကို ပို့ဆောင်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လွိုင်ကော်မြို့ကို စစ်ကောင်စီက ဒီလို ဆက်တိုက် စစ်အင်အားတွေပို့ကာ ကရင်နီ နောက်တန်းစခန်းအဖြစ်ပြုလုပ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။