ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ၁၁ မိုင် ကျေးရွာအနီး ရပ်စောက် – အင်တော ကားလမ်းဘေး၊ ညောင်ပင်အောက်မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့မှ စစ်ဆေးရှာဖွေနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲကျော်က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့ စစ်ဆေး ရှာဖွေနေစဉ် လက်လုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲ ၃ ယောက်နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်(စရဖ)က စစ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သူတို့ သတင်းရလို့ လာပြီး စစ်ဆေးနေတုန်း ပေါက်တာ။ ထိတဲ့ ၄ ကောင်စလုံး ဆေးရုံ တင်ထားရတယ်။ လက်လုပ်မိုင်း အဆွဲခံရတာပါ။ ဖမ်းဆီးမှုတွေတော့ ဘာမှ မရှိသေးဘူး။ ကားလမ်းဘေးမှာ ပေါက်တာ ဆိုတော့ ဘယ်သူတွေ ထောင်ထားလဲ မသိဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကို အမှတ် (၄) တပ်မတော် စစ်ဆေးရုံ ကုတင် ၁၀၀ သို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။