ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်းအမှတ် (၆) ဖွဲ့စည်းမှု ၂ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းအမှတ် (၆) က ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ KNDF တပ်ရင်း (၆) ဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဖွဲ့စည်းမှု ၂ နှစ်ပြည့်နေ့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၆) အနေနဲ့ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းများကို စစ်အာဏာရှင် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ တပ်ဖွဲ့ဝင်တွေက ကတိသစ္စာ ပြုခဲ့ပါတယ်။
ဒါ့အပြင် တပ်ရင်း (၆) ဖွဲ့စည်းမှု ၂ နှစ်ပြည့် အခမ်းအနားမှာ ဆုတောင်းမှုတွေကို အတူပြုခဲ့ကြပြီး ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ ဒု-စစ်ဦးချုပ် မာဝီ၊ တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူး တို့က မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။
KNDF တပ်ရင်း (၆) ဟာ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်တွေကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်နေတဲ့ တပ်ရင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေ အတွင်း ရဲဘော်တွေ ဒဏ်ရာရ ကျဆုံးတာတွေ ရှိပြီး ပြီးခဲ့တဲ့ မေလ ၂၄ ရက် တစ်ရက်တည်း ရဲဘော် ၅ ဦး အသက်ဆုံးရှုံး ခဲ့ရပါတယ်။