ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဏ/(၁၄) ရပ်ကွက်၊ ပန်းခြံ (၈) ကောက်သစ် (၁) လမ်းမှာ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ အမျိုးသား တစ်ဦး ရာအိမ်မှူးနဲ့ စကားရာက ဆဲဆိုမိလို့ စစ်တပ်က ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ရပ်ကွက် နေ ပြည်သူတွေက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၇ ရက်၊ မနက် ၉ နာရီ ဝန်းကျင်က အမှတ် (၃၄) မူလွန်ကျောင်းရှေ့လမ်းမှာ နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ဦးကျော်ဇေယျ သစ်ပင်တွေ ဓားနဲ့ခုတ်နေစဉ် ဘေးအိမ်ရှိ သစ်ပင်များကို ခုတ်မိရာက စကားများ ရန်ဖြစ်စဉ် ရာအိမ်မှူးက စစ်တပ်ကို ဖုန်းဆက်ခေါ်ခဲ့တဲ့ အတွက် စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
“စိတ်ရောဂါ ရှိပါတယ်။ အပင်တွေကို ဓားနဲ့ခုတ်နေတာ။ ဘေးအိမ်က အပင်တွေ ခုတ်မိတာနဲ့ စကားများ ကြတယ်။ ရာအိမ်မှူး ရောက်လာတော့လည်း ဆဲနေတာပေါ့ဗျာ။ ရာအိမ်မှူးကလည်း ဖုန်းဆက်ပြီးတော့ စစ်တပ်ကို လှမ်းတိုင်တာ။ ဓားကိုင်ပြီး မူးယစ်ရမ်းကား နေတယ် ပြောမှာပေါ့။ ကားတစ်စီး၊ ဆိုင်ကယ် တစ်စီးနဲ့ ရောက်လာတယ်။ သူတို့ ရောက်လာတော့ ဓားချပြီး အိမ်ထဲ ဝင်ပြေးတုန်း လှမ်းပစ်တာ။ လည်းပင်းကို ၂ က် ထိပြီး သေသွားတယ်” လို့ မျက်မြင်တွေ့သူ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရာအိမ်မှူး ဖုန်းဆက်တိုင်ကြားပြီးနောက် စစ်သား၊ ရဲများ ရောက်စဉ် စိတ်ကျန်းမာရေး ချို့တဲ့နေသူ အမျိုးသားက ဓားကိုပစ်ချပြီး အိမ်ထဲ ဝင်ပြေးစဉ် သေနတ်နဲ့ လှမ်းပစ်ခဲ့တာဖြစ်ပြီး အလောင်းကို ရပ်ကွက် ပရဟိတကားနဲ့ သယ်ယူ သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာတော့ မူးယစ်သောက်စားပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ရန်ပြုတဲ့ အတွက် မြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဝင် စစ်အရာရှိ တစ်ဦး သွားရောက် တားဆီးရာမရလို့ သေနတ်ကို မိုးပေါ် ထောင်ဖောက် တားဆီးခဲ့ပေမယ့် အဆိုပါ အရာရှိကို ဓါးနဲ့ ရန်ပြုလို့ အင်္ကျီစုတ်ပြဲခဲ့ပြီးနောက် သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးရာ လည်ပင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ဖော်ပြထားပါတယ်။