အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် NUG အစိုးရ ပြည်ထောင်စုဝန်ကြီးနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ပြည်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ဆန်ဖရန်စစ္စကိုဗေးဧရိယာ၌ အမျိုးသား ညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မြောက်ပိုင်းကာလီဖိုးနီးယားရှိ ထောက်ပို့ပြည်သူများ၊ တိုင်းရင်းသားအစုအဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ထောက်ပို့ပြည်သူများက လတ်တလော နွေဦးတော်လှန်ရေးဆိုင်ရာမေးခွန်းများ မေးမြန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ရှင်းလင်း ဖြေကြားခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲကို မြန်မာကွန်မြူနီတီမိသားစုများမှ စီစဉ်ဆောင်ရွက်ခဲ့ပြီး ထောက်ပို့ပြည်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကာ အလှူငွေ ဒေါ်လာသောင်းချီ ရရှိခဲ့ကြောင်း သိရသည်။