အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဘေးမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စျေးရောင်းပွဲကို ဂျက်ဆင်ဘေးမြို့နှင့် ပတ်ဝန်းကျင်မြို့များမှ မြန်မာတိုင်းရင်းသား ကိုယ်စားလှယ် ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို သာသနပါလ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲတွင် ဆရာဇော်ဝေစိုးနှင့် Jax Star အဖွဲ့မှ တော်လှန်ရေး သီချင်းများ သံပြိုင်ဆိုကာ အခန်းအနားကိုဖွင့်လှစ်ခဲ့ကြောင်း၊ ဆက်လက်၍ ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည်များအား ဂုဏ်ပြုခြင်း၊ ဆရာတော် ဦးကောဝိဒမှ မေတ္တာ ပို့ ဆုတောင်းခြင်း၊ ကချင် Alliance ဒုတိယ ဥက္ကဌ ဒေါက်တာ ဂျနိုင်အောင် မှ ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။
ဆရာဇော်ဝေစိုးမှ NUG ၏လုပ်ဆောင်ချက်၊ အားနည်းမှု၊ အခက်အခဲ၊ ရှေ့လုပ်ငန်းစဉ်များကို ချပြ၍ မြန်မာပြည်ပြန်လည်ထူထောင်ရေး၏ အခြေခံ တိုင်းရင်းသားအချင်းချင်း သံသယကင်းစွာ ယုံကြည်မှု ပြန်လည်ထူထောင်ရေးကို အရေးပေးပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ တက်ရောက်လာကြသည့် ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ မြန်မာ ကိုယ်စားလှယ်များက မိမိတို့၏ ခံစားချက် ရှုဒေါင့်များကို ပွင့်လင်းစွာ ဆွေးနွှေးခဲ့ကြပါသည်။ အခန်းအနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
စျေးပွဲတော် အပါအဝင် တစ်ဦးချင်းစုပေါင်း လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ ၁၃၀၀၀ ကျော်ကို NUG ၏ ပညာရေး ကျန်းမာရေး စီမံကိန်းများကို ပေးပို့ လှူဒါန်းသွားပါမည် ဖြစ်ကြောင်း သိရသည်။