စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့လှေတစ်စီးဟာ လောင်းလုံးမြို့နယ်နဲ့ ထားယ်မြို့နယ်အကြားမှာရှိတဲ့မြစ်ဝမှာနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီလှေဟာ မနေ့ည ၇ နာရီဝန်းကျင်မှာ ကျောက်နီမော်ရွာအနီးက ကသဲမကျွန်းနဲ့ ရဘဲရွာနဲ့ကြားထဲက ထားဝယ်မြစ်အတွင်း နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
နစ်မြုပ်သွားတဲ့ လှေပေါ်မှာစစ်ကောင်စီတပ်သားတွေလည်းလိုက်ပါလာပြီး ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေဘက်က ရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။
“အခုမနက် ကျောက်နီမော်ရွာထဲမှာပွတ်လောရိုက်နေကြတယ်။ ပျူစောထီးအဖွဲ့တွေက ရွာထဲကလှေတွေနဲ့ပါသွားရှာနေတာ။ လှေမြုပ်တဲ့နေရာက ရေဝဲရှိတဲ့နေရာပါ” လို့ကျောက်နီမော်ရွာခံရဲ့ပြောစကားကို ဒေသခံကပြန်ပြောပြပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေလည်း ထားဝယ်မြစ်အတွင်းပေါ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
ဒါ့အပြင်လှေနစ်မြုပ်တာကြောင့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေပါ ရေထဲနစ်မြုပ်သွားတယ်လို့ သိရပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကတော့ “အလောင်းတချို့ပဲတွေ့သေးတယ်လို့ပြောတယ်။ ထပ်ရှာနေကြတယ်” လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သား ၃၀ လောက်အထိရေနစ်သေဆုံးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာပါ။
ဒီနေ့မွန်းတည့်ပိုင်းမှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က မြစ်ဆိပ်ကို စစ်ကောင်စီတပ်သားတွေရောက်ရှိနေပြီး အောက်စီဂျင်ဗူးတွေလည်းသယ်ယူနေကြတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ အခုလ ၁၅ ရက်နေ့မွန်းလွဲပိုင်းကတည်းက ထားဝယ်ဘက်ကနေ စက်လှေကြီးနှစ်စီး၊ စပိဘုတ်တစ်စီးနဲ့ လောင်းလုံးမြို့နယ်အောက်ဘက်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
အဲဒီနေ့က စက်လှေကမ်းကပ်ပြီးဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကတော့ သကျက်တောရွာစာသင်ကျောင်းမှာ လက်ရှိအချိန်ထိ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။