စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ယနေ့ညနေပိုင်း တိုက်ပွဲဖြစ်ပွားပြီးနောက် မူးမန္တလေးကျေးရွာကို စစ်တပ်က မီးတင်ရှို့နေကာ ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများကပြောဆိုကြသည်။
ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန် မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာအနီးတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ည ၇ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က မူးမန္တလေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း၊ လက်ရှိတွင် ပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။
“မိုင်းထိ ပြီး အထိနာသွားလောက်တယ် စခတွေက။ အခုတောက်လျှောက်ပစ်နေတာ။ ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်း မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ်စစ်ကြောင်းက ယနေ့ နံနက်ပိုင်းတွင် မြင်းမူအနောက်ခြမ်း ပဲတောင်းကျေးရွာနှင့် ကင်းလေးတောကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း၊ ဖမ်းဆီးထားသော ပြည်သူများကိုလည်း စစ်တပ်က ယူနီဖောင်းများ ဝတ်ဆင်ပေးထားကြောင်း သိရှိရသည်။