ကရင်နီပြည်နယ်၊ ရွာသစ်မြို့နယ်ထဲမှာ အင်အား အလုံးအရင်းနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ ၆ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူ မယ်စဲ့မြို့နယ် NLD အမတ်ဟောင်း ဦးသန်းလင်းလင်း က မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာသစ်မြို့နယ်ထဲမှာ ဇူလိုင်လ အစပိုင်းကတည်းက ဖြန့်ကျက် တပ်စွဲထားတာ ဖြစ်ပါတယ်။
ထွက်ပြေးလာတဲ့ ဒေသခံ ပြည်သူတွေရဲ့ ပြောပြချက်အရ ပြည်သူ ၆ ဦးထက်မနည်း စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ သူကဆိုပါတယ်။
“လောလောဆယ်တော့ တပ်မ(၆၆)၊ (၉၉)၊ (၇၇)၊ (၄၄) တော့ ရွာသစ်ဘက်ကို တပ်ဖြန့်ထားတယ်။ အင်အားတော့ အတိအကျ မသိဘူး။ အင်အား တော်တော်များတာပဲသိရတယ်။ အရပ်သား ပြည်သူကတော့ ၆ ဦး အသတ်ခံရတယ်” လို့ဦးသန်းလင်းလင်းက ပြောပါတယ်။
မယ်စဲ့မြို့နယ်မှတော့ လတ်တလော တိုက်ပွဲေတွ ငြိမ်သက်နေပေမယ့် စစ်ရေး တင်းမာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် လူဦးရေ ၂,၅၀၀ နီးပါး နေထိုင်တဲ့ ရွာသစ်မြို့နယ် ဒေသခံတွေဟာ မြို့နယ်လုံးကျွတ် ထွက်ပြေးလာရတယ်လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ရွာသစ်မြို့နယ် စစ်ရှောင်ပြည်သူတွေကို ထိုင်း-ကရင်နီ နယ်စပ်မျဥ်းပေါ်က စစ်ရှောင်စခန်း တစ်ခုမှာ ယာယီခိုလှုံလို့ရအောင် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။
ရုတ်တရက် စစ်ဘေး တိမ်းရှောင်လာရတာကြောင့် တစ်ကိုယ်စာ အေရးပေါ် ရိက္ခာသာ ပါလာတဲ့ စစ်ရှောင်ပြည်သူတွေ အတွက် အခြေခံ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်နေတာကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီ ပေးကြဖို့ကရင်နီစစ်ရှောင် ကူညီနေသူ တစ်ဦးက မေတ္တာရပ်ခံထားပါတယ်။
လူဦးရေ ၃ သိန်းကျော် နေထိုင်တဲ့ ကရင်နီပြည်နယ်မှာ ပြည်သူ ၂ သိန်းကျော်ဟာ နီးစပ်ရာမြို့နယ်က ဆွေမျိုးတွေ၊ စစ်ရှောင်စခန်းတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတာ ၂ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။