စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်တပ်သတင်းပေးတွေ ပူးပေါင်းပြီး ဇူလိုင် ၁၇ ရက်ကစတင်ကာ ဒေသခံတွေကို လိုက်လံဖမ်းဆီးခဲ့တဲ့အတွက် ၁၀ ဦးကျော် အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ကျော်ဇေယျာရပ်ကွက်၊ စက်ရုံလယ်ပြင်ရပ်ကွက်နဲ့ မြို့အနီးမှာရှိတဲ့ ဆေးမင်းခုံကျေးရွာဘက်က အသက် ၂၀ နဲ့ ၃၀ နှစ်အရွယ်ရှိ ဒေသခံ အမျိုးသား၊ အမျိုးသမီးတွေကို ဇူလိုင် ၁၈ ရက် ဒီနေ့နေ့လယ် ၂ နာရီအထိ လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“တချို့ ယောက်ျားကိုလာဖမ်းပေမယ့် ယောက်ျားမရှိလို့ မိန်းမကို ဖမ်းတာမျိူးကော၊ မိန်းမကို လာဖမ်းပေမယ့် မိန်းမ မရှိလို့ ယောက်ျားကိုဖမ်းသွားတာမျိုးလည်း ရှိတယ်”လို့ ကောလင်းမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေက မနက်ပိုင်းအချိန်မှာ ကင်းပွိုင့်တွေအရင်ချကာ သတင်းပေးသူနဲ့အတူ နေအိမ်တွေထဲဝင်ကာ ဖမ်းဆီးနေတာဖြစ်ပြီး ကောလင်းမြို့မှာ အခုလိုဖမ်းဆီးမှုမရှိတာ ၃ လကျော်ကြာခဲ့ပြီးမှ အခုလို ပြန်ဖမ်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။
“နက်ဖြန် အာဇာနည်နေ့ဆိုတော့ သူတို့ကို လာထုမှာစိုးလို့ လူသားဒိုင်းကာယူသလား မသိဘူး” လို့ အထက်ပါ အမျိုးသားကခန့်မှန်းပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက ကောလင်းရဲစခန်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) ရုံးမှာလည်း ထိန်းသိမ်းတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နဲ့ ဇွန်လ ၄ ရက်မှာလည်း ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်က အရပ်သား ၁၆ ဦးကို စစ်ကောင်စီကဖမ်းဆီးသွားခဲ့ပြီး အဲ့ဒီထဲက ၇ ဦးအသတ်ခံခဲ့ရကာ အလောင်းတွေကိုတော့ ဇွန်လ ၈ ရက်မှ မုတ်ဝကျေးရွာနဲ့ တမိုင်အကွာမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။