မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် ဂျာပူကျေးရွာအနီး ရောက်ရှိနေသည့် စစ်ကောင်စီတပ် လှုပ်ရှားလာသည့်အတွက် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှစပြီး စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာ၌ စခန်းထိုင်နေသည့် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း ပြောသည်။
“ကဇူးကနေ ဆမာလမ်းကြားဘက်မှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေ ပစ်နေတယ်။ ပြီးတော့ ဒီဂျာပူဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ ဟိုတစ်ရက်က ပစ်လိုက်တဲ့ စစ်ကောင်စီရိက္ခာတင်ကားတစ်စီး သွားယူဖို့ လုပ်နေတာတဲ့၊ သူတို့ ယူလို့မရတော့ ဒေသခံတွေကို သွားယူခိုင်းနေတယ်လို့ ကြားရတယ်။”ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
KIA ဘက်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ယမန်နေ့လည်း မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန်အနီး အောင်ဂျာနှင့် မဒီးယန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီတပ်ဘက်မှ အင်အားရာကြီး ကဏန်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲက ရက်ရှည်ကြာနိုင်ကြောင်းနှင့် လက်နက်ကြီးများဖြင့်လည်း နေ့စဉ်ပစ်ခတ်မှုများ ရှိနေကြောင်း ဆိုသည်။
တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ၁၅ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး ဇူလိုင် ၈၊ ၁၂၊ ၁၄ ရက်နေ့များတွင် လှမ်းပစ်ခဲ့သည့် လက်နက်ကြီးအချို့ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်များက ဇူလိုင်လ ၂ ရက်နေ့မှစပြီး နမ်ဆန်ယန်ကျေးရွာဘက်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီးနောက် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလာခဲ့ရာ တိုက်ပွဲရက် (၁၇) ရက်ရှိနေပြီဖြစ်သည်။
တိုက်ပွဲကြောင့် နေရပ်ပြန် နမ်ဆန်ယန်ဒေသခံများလည်း ပြန်လည်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသလို မြစ်ကြီးနား – ဗန်းမော်ကားလမ်းကိုလည်း ဇူလိုင် ၃ ရက်နေ့မှစပြီး နှစ်ဖက်တပ်က ပိတ်ထားသည်။