ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆောင်ကန်းကျေးရွာနဲ့ လယ်ထွန်ကျေးရွာ အနီးကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြို့ပြတော်လှန်ရေးတပ်ဦး-URF တပ်ဖွဲ့ တာ၀န်ခံက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၄ ရက်မှာ ပြောပါတယ်။
ဆောင်ကန်းနဲ့ လယ်ထွန်ကျေးရွာ အနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် အလုံးအရင်းနဲ့ စစ်ကြောင်းထိုး လာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သူကပြောပါတယ်။
“၅ ရက်လောက်တော့ရှိပြီ။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့ အခြေအနေကတော့ ညနေ စစ်မြေပြင် ဆက်သွယ်ရေးသမား သတင်းပို့မှ သိရမယ်” လို့ URF တာ၀န်ခံက ရှင်းပြပါတယ်။
တိုက်ပွဲ ဖြစ်နေဆဲမို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို မသိနိုင်သေးသလို URF ဘက်ကတော့ ထိခိုက်ကျဆုံးတဲ့ ရဲဘော် မရှိသေးဘူးလို့ ဆိုပါတယ်။
ဆောင်ကန်းကျေးရွာတစ်၀ိုက် တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ဘယ်တပ်မ၊ တပ်ရင်းတွေ အင်အား စတာတွေ ကိုတော့ အင်တာနက်နဲ့ ဖုန်းလိုင်း အခက်အခဲတွေကြောင့် တိတိကျကျ ပြောဆိုဖို့ ခက်တယ်လို့ ဆိုပါတယ်။
ဆောင်ကန်းကျေးရွာဟာ ရှမ်း-ကရင်နီ နယ်စပ် အစွန်ပိုင်းနေရာ ဖြစ်သလို ပြီးခဲ့တဲ့ မတ်လလယ်ကလည်း မိုးဗြဲမြို့ဘက်ကနေ စစ်ကောင်စီ အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေကာ ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး ကျဆုံးခဲ့ရပါသေးတယ်။