ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာရှိတဲ့ ဆင်ကိုးရပ်ရေတံခွန်အဝင်ဝက စစ်ဆေးရေးဂိတ်မှာ ခရီးသွားအမျိုးသားနှစ်ဦးကို သူတို့စီးလာတဲ့လိုင်းကားအသီးသီးပေါ်ကနေဆွဲချပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ ညနေ ၃နာရီခွဲလောက်မှာ ကံပေါက်-ထားဝယ်ပြေးဆွဲနေတဲ့ ဒေသခံစွမ်းအင်အမည်ရှိ ခရီးသည်တင်ကားပေါ်ကနေ အသက် ၂၁ နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးကို ဆွဲချဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင်ညနေ ၅ နာရီလောက်မှာလည်း အဆိုပါယာဉ်လိုင်းက ခရီးသည်တင်ကားနောက်တစ်စီးပေါ်ကနေ အမျိုးသားတစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူဟာ ထားဝယ်ကနေကံပေါက်ကိုလိုက်ပါလာသူဖြစ်ပြီး တောင်ပယရွာဘက်မှာ ခဲလုပ်နေတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသားနှစ်ဦးစလုံးကို ကံပေါက်နယ်မြေရဲစခန်းမှာဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောဆိုနေကြပေမဲ့ တနင်္သာရီတိုင်းမ်ကတော့ အတည်မပြုနိုင်သေးပါဘူး။
မနေ့ညနေပိုင်းကလည်း အဆိုပါ စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားတစ်စီးပေါ်ကနေ ပိုက်ဆံသိန်းနှစ်ရာနီးပါး တွေ့လို့ဆိုပြီး ကားပေါ်ပါတဲ့အမျိုးသားနှစ်ဦးစလုံးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပါတယ်။
အခုတပတ်အတွင်းမှာ ဆင်ကိုးရပ်ရေတံခွန်အဝင်ဝမှာစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားတစ်ဦးဆီကနေ အဝတ်အိတ်ထဲ ပိုက်ဆံနှစ်သိန်းတွေ့လို့ဆိုပြီး နှစ်သောင်းတောင်းတဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
”အခုက ပိုက်ဆံတွေ့ရင်ဖမ်းပြီ။ ပြီးရင်အရမ်းလည်းစစ်မေးတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပြပါတယ်။
ကံပေါက်ဒေသထဲမှာ စစ်ကောင်စီတပ်ကားငယ်တွေနဲ့နေ့ရောညပါ ကင်းလှည့်လေ့ရှိပေမဲ့ အခုလ တတိယအပတ်ထဲမှာ အဲဒီလိုကင်းလှည့်တာမျိုးတွေ မလုပ်တော့ဘဲ ဆင်ကိုးရပ်ရေတံခွန်အဝင်ဝနဲ့ ဂန့်ဂေါ်တောင်ရွာ မူလတန်းစာသင်ကျောင်းအနီးတဝိုက်မှာသာ တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အခုလိုစစ်ဆေးတင်းကြပ်တာတွေကြောင့် အဲဒီနေရာနှစ်ခုကိုဖြတ်ပြီးမှ သွားရမဲ့နေရာတွေကို ဒေသခံတွေရှောင်လာကြပြီး မသွားမဖြစ်မှသာသွားတာမျိုးတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။