ပုလောမြို့နယ်၊ မှော်ကြောင်းရွာက စစ်ဆေးရေးဂိတ်ကို ဒေသခံတွေ ဖြတ်ခွင့်မပေးဘဲ စစ်ကောင်စီတပ်က ပိတ်ချထားတာ လေးရက်ရှိပြီလို့ ဒေသခံတွေကတနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ဟာ လက္ကူးရွာကနေ ပုလောမြို့ဘက်ကိုအသွား အလယ်မှာဖြတ်ရတဲ့ ကျေးရွာချင်းဆက်ဂိတ်ဖြစ်ပြီး အခုလ ၂၀ ရက်နေ့ကတည်းက ပိတ်ချထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျောင်းသားတွေကိုတော့ သွားခွင့်ပေးထားတယ်။ တော်ကြာ စျေးမသယ်ယူရ၊ ဆီမသယ်ရ၊ ဘာမလုပ်ရ ဖြစ်နေကြပါပဲ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ပိတ်ချထားတဲ့နေရာဟာ မှော်ကြောင်း၊ လက္ကူး၊ မြဒေါင် စတဲ့ရွာတွေက ပြည်သူတွေ၊ စျေးသည်တွေ၊ ကျန်းမာရေး၊ လူမှုရေးအတွက် ပုလောမြို့ကို သွားဖို့ဖြတ်ရတဲ့နေရာဖြစ်ပြီး အခုလိုလမ်းပိတ်ထားတဲ့အတွက် ပိုဝေးတဲ့ တခြားလမ်းကို ဒေသခံတွေ အသုံးပြုသွားလာနေကြရတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို ဘယ်နေ့ထိပိတ်မယ်ဆိုတာမျိုး စစ်ကောင်စီတပ်ဘက်က အသိပေးကြေညာထားတာမျိုးလည်း မရှိဘူးလို့ဆိုပါတယ်။
စစ်ဆေးရေးဂိတ်စပိတ်ချတဲ့နေ့က မှော်ကြောင်းရွာစာသင်ကျောင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်နေပြီး ကျည်တွေသယ်နေတာလည်းတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြိတ်ကနေရေလမ်းနဲ့သယ်လာပြီး ကားနဲ့တဆင့်ပြန်သယ်နေတယ်။ စစ်ရေးအရှိန်မြင့်မယ်ထင်တယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပုလောမှာ မနေ့ကမွန်းလွဲပိုင်းမှာလည်း တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်နေတဲ့ အချိန်တောတွင်း ပုလောမြို့အဝင်ဂိတ်တွေကို နှစ်နာရီကျော်ပိတ်ချခဲ့တယ်လို့ သိရပါတယ်။
ပုလောမြို့နယ်ထဲက ကားလမ်းမတလျှောက်မှာ စစ်ဆေးရေးဂိတ် ၇ ခုထက်မနည်းရှိပြီး မြို့နယ်တွင်းတစ်နေရာရာမှာ တိုက်ပွဲဖြစ်တာ၊ PDF တွေလှုပ်ရှားမှုတွေရှိရင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေကို ပိတ်ချလေ့ရှိပါတယ်။
ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ခံထားရပြီး နှစ်ဖက်ပစ်ခတ်မှုတွေမကြာခဏဖြစ်လေ့ရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။