ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ဖားကန့်တပ်မမှူးနှင့် စစ်ဘက်ဆိုင်ရာအရာရှိအချို့ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေး နယ်စပ်ဂိတ်တစ်ခုဖြစ်သော ကန်ပိုင်တည်မြို့တွင် စခန်းထိုင်သည့် အမှတ် (၃၈၉) ခမရ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမိုးကိုလည်း စစ်ကောင်စီက ဖမ်းဆီးရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
ဖောက်ခွဲရေး ယမ်းများကို ပြည်တွင်းသို့ သယ်ဆောင်တင်သွင်း နိုင်သည့် အဓိက ဝင်ပေါက်လမ်းဖြစ်သည့်အတွက် ကန်ပိုင်တည်၌ စခန်းထိုင်သော တပ်ရင်းမှူးအား ဖမ်းဆီးစစ်ဆေးရန် ဖြစ်နိုင်ကြောင်း ပြောသည်။
“မနေ့က ဆဒုံးက စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေ ၆၀ လောက် ခမရ ၃၈၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမိုးကို ထိန်းသိမ်းဖို့ တက်သွားတယ်။ ၃၈၉ တပ်ရင်းမှူး ကန်ပိုင်တည်မှာထိုင်တာ သူထွက်ပြေးသွားမှာ စိုးရိမ်လို့ သွားဖမ်းတာတဲ့၊ အခုတော့ မဆင်းလာသေးဘူး။ လဒ်စားတာတွေ ယမ်းအရေးတွေကြောင့် ဟိုတလောက စစ်တပ်အရာရှိတွေ တော်တော်များများကို ဖမ်းတယ်။ ယမ်းတွေက ဒီဘက်က ဝင်တာများတော့ အခုတပ်ရင်းမှူးကိုလည်း အဲတာကြောင့်ပဲ ဖမ်းဖို့လုပ်တာနေမှာ”ဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ယနေ့ နေ့လယ်ပိုင်း၌ ပြောသည်။
ခမရ ၃၂၁ က အရာခံဗိုလ်၊ မြစ်ကြီးနား – ဗန်းမော်လမ်း ကဇူးကျေးရွာရှိ ဂိတ်မှူး၊ ဂန်ဒေါင်ကျေးရွာရှိ ဂိတ်မှူးများကိုလည်း ဖမ်းဆီးထားကြောင်း ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့်တပ်မမှူးနှင့်အတူ နောက်ထပ်စစ်အရာရှိ ၃ ဦးနှင့် ဖားကန့်ရှိ KTV ပိုင်ရှင်တစ်ဦးတို့ကို ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
အဆိုပါ စစ်ကောင်စီအရာရှိများကို ကန်ပိုင်တည်မှတဆင့် တင်သွင်းသည့် လက်နက်ခဲယမ်းများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ရောက်ရှိသွားသည်ဟု စွပ်စွဲချက်ကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ရာထူးမှဖယ်ရှားခံရသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နေရာတွင် ဗိုလ်ချုပ်စိုးလှိုင်ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။